Monday, December 12, 2016

ကားတစ်စီးက တောင်ဒဂုံ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၏ ကားနောက်ကို လိုက်၍ ဆဲဆိုခြင်း၊ ကားရှေ့ပိတ်ရပ်ကာ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ဟုဆို


ကားတစ်စီးက တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ ကားအနောက်ကို လိုက်၍ ဆဲဆိုခြင်း၊ ကားအရှေ့တွင် ပိတ်ရပ်ခြင်းများပြုလုပ်သည်ဟု တောင်ဒဂုံတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။

မြို့နယ် ပါတီရုံးခန်းအတွက် ရန်ပုံငွေပွဲမှအပြန် တောင်ဒဂုံတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီပါ သုံးဦး စီးနင်းလာသော ကားသည် ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက အမှတ် (၂) လမ်းမကြီး တိုးဂိတ်အကျော်သို့ အရောက်တွင် တက္ကစီတစ်စီးက အရှိန်ဖြင့် မောင်းချလာပြီး လွှတ်တော်ကိုယ်စားလှယ်၏ ကားနှင့် ဘေးချင်းယှဉ်နေချိန်တွင် တက္ကစီပေါ်မှ ဆဲဆိုခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုစဉ်တွင် တောင်ဒဂုံမြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း၊ လမ်းတစ်လျှောက်လုံး မောင်းနှင်နေစဉ်တွင်လည်း နောက်မှ ထက်ကြပ်မကွာ လိုက်လာခဲ့ကြောင်း၊ အမှတ် (၂) လမ်းမကြီး ကျောက်လမ်းအနီးအရောက်တွင် လွှတ်တော်ကိုယ်စားလှယ်၏ ကားရှေ့သို့ တက္ကစီယာဉ်က ပိတ်ရပ်လိုက်ကြောင်း ဦးညီညီက ပြောကြားသည်။

“ကားရှေ့ကို ပိတ်ရပ်လိုက်တယ်။ ကျွန်တော်တို့က ရိုက်မှာနှက်မှာတွေ လုပ်မှာကြောက်လို့ ကားကို မရပ်လိုက်ဘူး။ ဟိုဘက်လမ်းကြောကို ယူပြီး ဆက်မောင်းတယ်။ အဲဒီအချိန်မှာ ရဲစခန်းကို ဖုန်းလေးကြိမ်လောက် ဆက်ပြီးနေပြီ။ ဒီလိုတော့ အသက်အန္တရာယ် စိုးရိမ်စရာကြုံနေရပါတယ်လို့ ပြောပြီးပြီ။ မောင်းရင်းနဲ့ ရဲစခန်းနား နီးလာတဲ့အခါမှာ ဖုန်းမီးတွေနဲ့ ကျွန်တော်တို့ကားဖြစ်ကြောင်း စခန်းကမြင်အောင် ပြတယ်။ ဒါပေမဲ့ ရဲတစ်ယောက်မှ မတွေ့တဲ့အပြင် တံခါးကြီးပါ ပိတ်ထားတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ကားက ရဲစခန်းအ၀ကို ခေါင်းချိုး ချလိုက်တယ်။ အဲဒီတော့မှ ဟိုဘက်ကားက ထွက်သွားတယ်”ဟု ၎င်းကြုံ ခဲ့ရသည့်အကြောင်းကို ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးညီညီက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပင်လျှင် လုံခြုံရေးအတွက် အာမခံချက်မရှိသလို ဖြစ်နေကြောင်းနှင့် ယင်းဖြစ်ရပ်အပေါ် တောင်ဒဂုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်မည်ဟု ထပ်မံပြောကြားသည်။                         

Writer: 

သက်မင်း

Eleven Media

No comments:

Post a Comment