Monday, December 12, 2016

ရန်ကုန်တိုင်း အစိုးရအဖွဲ့က အထပ်မြင့်အဆောက်အအုံ စီမံကိန်းများကို ရပ်ဆိုင်းခဲ့သည့်အတွက် တိုင်းပြည်စီးပွားရေး များစွာထိခိုက်ခဲ့ရပြီး ယင်းအပေါ် မှီိခိုသည့် အလုပ်သမားများ ဒုက္ခရောက်ခဲ့ရဟု Yangon Watch ပြောကြား



ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အထပ်မြင့် အဆောက်အအုံစီမံကိန်းများကို ရပ်ဆိုင်းခဲ့သည့်အတွက် တိုင်းပြည်စီးပွားရေး များစွာထိခိုက်ခဲ့ရပြီး ယင်းအပေါ် မှီခိုသည့် အလုပ်သမားများလည်း ဒုက္ခရောက်ခဲ့ရကြောင်း ဒီဇင်ဘာ  ၁၁ ရက်က ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနှင့် နည်းဥပဒေ ပြင်ဆင်ရေးဆွဲလျက်ရှိသည့် လုပ်ငန်းစဉ်အပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားအမြင်များအား ရှင်းလင်းထုတ်ပြန်သည့်ပွဲတွင် Yangon Watch မှ ဦးတင်မောင်ဦးက ပြောကြားသည်။

အဆိုပါပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် လူထုက ရွေးကောက်သည့် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ပြောကြားရာတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်တွေကို လူထုက ရွေးကောက်တင်မြှောက်တုန်းက အဲဒီကော်မတီဝင်တွေကို သက်ဆိုင်ရာ စည်ပင်ရဲ့အောက်မှာရှိတဲ့ ကော်မတီတွေမှာ ပါဝင် ခန့်အပ်ခဲ့တယ်။ အချို့ဆို အထပ်မြင့် အဆောက်အအုံများ ကော်မတီ၊ အချို့ကျန်းမာရေးနှင့် သားသတ်ကိစ္စ စသည်ဖြင့် တာဝန်ခွဲဝေချထားပေးတဲ့နေရာမှာ လစ်လပ်မှု မရှိပါဘူး။ အခုဆိုရင် အဲဒါတွေနဲ့ ပတ်သက်ပြီး သီးခြားတာဝန်ချထားပေးမှု မရှိတဲ့အခါကျတော့ ဌာနမှူးတွေရဲ့ သဘောလိုဖြစ်နေပါတယ်။ ဥပမာ- အထပ်မြင့် အဆောက်အအုံများဆိုင်ရာကိစ္စကို ကြည့်ရင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က အထပ်မြင့် အဆောက်အအုံ ဆောက်တာကို ရပ်ခဲ့တယ်။ အဲဒီအတွက်ကြောင့် တိုင်းပြည်စီးပွားရေးမှာလည်း အများကြီး ထိခိုက်ခဲ့တယ်။ ဒီပေါ်မှာ မှီခိုခဲ့တဲ့ အလုပ်သမားတွေ ဒုက္ခရောက်ခဲ့တာတွေ ရှိပါတယ်။ အဲဒါကို ရန်ကုန်တိုင်းလွှတ်တော်က ဒေါ်စန္ဒာမင်းက ချက်ချင်း ဆင်းစစ်ပြီးတော့ ဒီလိုဆောက်တာတွေဟာ ဥပဒေနဲ့ ညီညွတ်တဲ့အတွက်ကြောင့် ဆက်လက် ဆောက်လုပ်ခွင့်ပြုသင့်တယ် ဆိုတာမျိုးနဲ့ တင်လာတဲ့အခါကျတော့ အထပ်မြင့်ဆောက်တဲ့ကိစ္စတွေက ပြန်ပြီးတော့ ခွင့်ပြုလာတာတွေ ရှိပါတယ်”ဟု Yangon Watch မှ ဦးတင်မောင်ဦးက ပြောကြားသည်။

ယခင် အစိုးရလက်ထက်က ဆောက်လုပ်ခွင့်ပြုခဲ့သော အထပ်မြင့် အဆောက်အအုံ ၂၀၀ နီးပါးအား ပြန်လည်စိစစ်မည် ဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရေးလုပ်ငန်းရှင်များက ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ အသနားခံစာ တင်ပြခဲ့သည့်နည်းတူ ရန်ကုန်တိုင်းလွှတ်တော်ကော်မတီသို့လည်း အသနားခံစာ တင်ပြခဲ့သည့်အတွက်  ယင်းအဆောက်အအုံများကို ပြန်လည်စိစစ်ခဲ့ရာတွင် ယင်းအဆောက်အအုံများသည် စည်းကမ်းဖောက်ဖျက်ထားမှု မရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် အထပ်များ မလျှော့တော့ဘဲ မူလအတိုင်းသာ ခွင့်ပြုခဲ့ပြီး ရပ်ဆိုင်းခံထားရပြီး သုံးလခန့် ကြာမြင့်ပြီးမှသာ ပြန်လည်ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းအဆောက်အအုံ ၁၂ လုံးကို ခွင့်ပြု ပြီးနောက် ယင်းထပ်မံ၍ ၄၅ လုံးကိုလည်း  ခြောက်လနီးပါးအကြာ ရပ်ဆိုင်းထားပြီးမှ ပြန်လည်ခွင့်ပြုခဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ယခုကဲ့သို့ အထပ်မြင့်အဆောက်အအုံများ ရပ်ဆိုင်းထားရခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များဘက်တွင် နစ်နာမှုများစွာ ရှိနေပြီး  ဆောက်လုပ်ရေးလုပ်ငန်းများကို မှီခိုလုပ်ကိုင်နေရသည့် အလုပ်သမားများလည်း အလုပ်လက်မဲ့များစွာ ဖြစ်ခဲ့ရကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍  ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက် တွင် ရန်ကုန်မြို့ရှိ Novotel Hotel   တွင် ရှင်းလင်းပွဲပြုလုပ်ကာ နစ်နာမှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။

Eleven Media

No comments:

Post a Comment