Monday, November 14, 2016

ရွှေဘိုပေါ်ဆန်း စပါးတင်းတစ်ရာလျှင် ကျပ် ၁၂ သိန်းခွဲအထိ ဈေးပေါက်


ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရွှေဘိုပေါ်ဆန်း စပါးတင်းတစ်ရာလျှင် ကျပ် ၁၂ သိန်းခွဲအထိ ပေါက်ဈေး ရှိနေသော်လည်း စပါးဝယ်လက် မရှိတော့ကြောင်း စပါးလှောင်လက်ပွဲစားများနှင့် တောင်သူကြီးများထံမှ စုံစမ်းသိရှိရသည်။

ယခင်နှစ်က ကျပ် ၁၃ သိန်းကျော်အထိ အမြင့်ဆုံးရောက်ခဲ့သည့် ပေါ်ဆန်း စပါးမှာ ယခုနှစ်တွင် ကျပ် ၁၁ သိန်း ၅ သောင်းမှ ကျပ် ၁၂ သိန်း ၅ သောင်းအကြား စပါးအရည်အသွေးအလိုက် ပေါက်ဈေးရှိသော်လည်း ဝယ်ယူသူ နည်းပါးနေကြောင်း ပြည်ရွှေဘို ဆန်စက်ပိုင်ရှင် ဦးမင်းအောင်က ပြောဆိုသည်။

“မနှစ်လှောင်ချိန် ကတည်းက အဆို ဓာတ်ကျန်နေလို့ စပါးက အဝါပေါက်ပါတာ များတယ်။  ဆန်ဖြူပါတာ နည်းတယ်” ဟု  ၎င်းက ဆိုသည်။

ဆန်အရောင်းအဝယ်မှာ ပါးလျက် ရှိပြီး အချို့ကုန်သည်များတွင် ထက်ဝက်ခန့် ကျဆင်းနေကြောင်း၊ စပါးမှာရောင်းသူ ပေါများပြီး ဝယ်ယူသူ ရှားပါးနေရာ ဝယ်ရောင်းသမားများက ဝယ်ယူခြင်း မရှိတော့သည့်အပြင် ရွှေဘိုဆန် အသစ်ပေါ်ရန် နီးလာသည့်အတွက် လက်ထဲ၌ရှိသည့် စပါးကိုသာ ရောင်းချနေရကြောင်း ဆန်လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။

“အရောင်းအဝယ်ပါးတယ်။ ကထိန်အပြီး စောင့်ကြည့်ရမယ်” ဟု ရွှေသီဟ ဆန်စက်ပိုင်ရှင် ဦးအောင်ခန့်က ဆိုသည်။

စပါးကို သိုလှောင်ထားသည့် တောင်သူများသည် စပါးဈေး အမြင့်ဆုံးရောက်မှ ထုတ်ရောင်းကြကြောင်း၊ ယခုအခါတွင် ပေါက်ဈေးရှိသော်လည်း ဝယ်ယူသူ မရှိသည့်အတွက် အခက်တွေ့နေရကြောင်း လိပ်ချင်းကျေးရွာမှ တောင်သူ ဦးစံဇော်က ပြောကြားသည်။

No comments:

Post a Comment