Monday, November 14, 2016

NLD အစိုးရလက်ထက် စံချိန်တင် ဒေါ်လာဈေး၊ မတည်ငြိမ်တဲ့ ငွေကြေးတန်ဖိုးနဲ့ ရွှေဈေးနှုန်းဂယက်

ရန်ကန်ုမြို့လယ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ၀ယ်ယူနေသူများကို တွေ့ရစဉ်

နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၉ ရက်မှာ ရလဒ်တွေ ထွက်ပေါ်ခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲကတော့ အံ့အားသင့်ဖွယ်ရာ ဒေါ်နယ်ထရန့် အနိုင်ရမှုနဲ့အတူ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီကတည်းက လှုပ်ရှားခဲ့တဲ့ ငွေကြေးနဲ့ ရွှေတန်ဖိုးတွေဟာ ရွေးကောက်ပွဲ ပြီးဆုံးချိန်မှာလည်း လှိုင်းဂယက်တွေ ဆက်လက် ဖြစ်ပေါ်နေဆဲပါ။ ကမ္ဘာ့ဈေးကွက် နည်းတူ မြန်မာနိုင်ငံမှာလည်း ဈေးနှုန်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရောင်းဝယ်သူတွေ ခန့်မှန်းရ ခက်ခဲသည်အထိ အလှုပ်အယမ်းများခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ရွေးကောက်ပွဲမတိုင်မီ ဟီလာရီကလင်တန် အနိုင်ရမယ် မှန်းထားတာကြောင့် မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေးဟာ မဲရလဒ်ရေတွက်ချိန်မှာ ဒေါ်နယ်ထရန့် အသာစီးရလာတဲ့အတွက် ဈေးနှုန်းပြန်လည် ကျဆင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ရွှေဈေးတက်ပြီး ဒေါ်လာဈေး ကျဆင်းလာခဲ့သော်လည်း ရလဒ်ထွက်ပေါ်ချိန်မှာတော့ ပြောင်းပြန် အနေအထားပြန်ဖြစ်သွားပြီး ရွှေဈေးထိုးကျကာ ဒေါ်လာဈေး ပြန်မာခဲ့တာပါ။ ကမ္ဘာ့ဈေးကွက်ရဲ့ သက်ရောက်မှုတွေကြောင့် ပြည်တွင်းဈေးကွက်မှာလည်း ဗြောင်းဆန်အောင် ဈေးအလှုပ်အခတ် များခဲ့ပါတယ်။

NLD အစိုးရလက်ထက် နိုင်ငံခြား ငွေလဲနှုန်း အခြေအနေကို ပြန်ကြည့်ရင် ဧပြီမှ သြဂုတ်လလယ်အထိ နိုင်ငံခြား ငွေလဲနှုန်း အတက်အကျ နည်းပါးပေမယ့် သြဂုတ် လကုန်ပိုင်းကစပြီး မြန်မာကျပ်ငွေ တန်ဖိုး သိသိသာသာ စတင်ကျလာတာဖြစ်ကာ စက်တင်ဘာ၊ အောက်တိုဘာလတွေနဲ့ နိုဝင်ဘာလဆန်းအထိ အတက်အကျတွေနဲ့ အတက်ဘက်ကို ဆက်တိုက် ဦးတည်လာတာ ဖြစ်ပါတယ်။ အမေရိကန် ရွေးကောက်ပွဲ ရလဒ် ထွက်ပေါ်ချိန် နိုဝင်ဘာ ၉ ရက် ညနေပိုင်းမှာ တစ်ဒေါ်လာ ၁၂၈၈ ကျပ်ရှိရာကနေ နိုဝင်ဘာ ၁၀ ရက် မှာ ၁၂၉၃ ကျပ်၊ နိုဝင်ဘာ ၁၁ ရက် မှာ ၁၂၉၉ ကျပ်၊ နိုဝင်ဘာ ၁၂ ရက် မှာတော့ ၁၃၀၂ ကျပ်အထိ မြင့်တက်ခဲ့ပြီး သုံးရက်အတွင်း ၁၅ ကျပ်ဝန်းကျင် ဆက်တိုက် မြင့်တက်ခဲ့တာပါ။

လက်ရှိ အစိုးရရွေးကောက်ပွဲနိုင်ပြီးချိန်၊ NLD အစိုးရအဖွဲ့ မတက်ရောက်မီနဲ့ တက်ရောက်ပြီးကာလ အစပိုင်းတွေမှာ ကျဆင်းခဲ့တဲ့ နိုင်ငံခြား ငွေလဲနှုန်းဟာ အစိုးရအဖွဲ့ တက်ရောက်ပြီး လေးလကျော်မှာ ပြန်လည် မြင့်တက်ခဲ့ပါတယ်။ ပျားရည်ဆမ်းကာလ လွန်ချိန်ကတည်းက စတင်မြင့်တက်ခဲ့တဲ့ နိုင်ငံခြား ငွေလဲနှုန်းဟာ အခုရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ တစ်နှစ်ပြည့်အချိန်မှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းမှာ ဖြစ်ခဲ့တဲ့ဈေးနှုန်းကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အစိုးရသစ် စတင်တက်ရောက်တဲ့ ဧပြီ ၁ ရက်မှာ နိုင်ငံခြား ငွေလဲနှုန်း ၁၁၉၃ ကျပ်ဈေးဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၁၂ ရက်မှာဖြစ်ခဲ့တဲ့ ၁၃၀၂ ကျပ်နှင့် နှိုင်းယှဉ်မယ်ဆိုရင် ၁၀၉ ကျပ်မြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၉ ဒသမ ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဗဟိုဘဏ် ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းအနေနဲ့ မတ် ၃၁ ရက်မှာ ၁၂၁၆ ကျပ်အဖြစ် သတ်မှတ်ထားပြီး နိုဝင်ဘာ ၁၁ ရက်မှာ သတ်မှတ်ခဲ့တဲ့ ၁၂၈၅ ကျပ်နှုန်းနဲ့ယှဉ်ရင် ၆၉ ကျပ် မြင့်တက်ခဲ့ပြီး ရာခိုင်နှုန်း အနေနဲ့ ၅ ဒသမ ၆ ရာခိုင်နှုန်း မြှင့်တင် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

NLD အစိုးရ တက်ရောက်ပြီး ဧပြီလကုန်ပိုင်းအထိ နိုင်ငံခြား ငွေလဲနှုန်း ဆက်လက်လျော့ကျကာ လက်ရှိ အစိုးရလက်ထက် အနည်းဆုံးနှုန်းထားဖြစ်တဲ့ ၁၁၅၃ ကျပ်နှုန်းကို ဧပြီ ၂၄ ရက်က ရောက်ရှိခဲ့ပါတယ်။ အစိုးရသစ် လက်ထက် အမြင့်ဆုံးနိုင်ငံခြား ငွေလဲနှုန်းအနေနဲ့ နိုဝင်ဘာ ၁၂ ရက်မှာ ၁၃၀၂ ကျပ်အထိ ဖြစ်ပေါ်ခဲ့တာကြောင့် ဈေးနှုန်း ကွာဟမှုအနေနဲ့ ၁၄၃ ကျပ်အထိရှိပြီး ၁၂ ဒသမ ၉၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာပါ။

လက်ရှိ အစိုးရလက်ထက်မှာ အနိမ့်ဆုံး သတ်မှတ်ခဲ့တဲ့ ဗဟိုဘဏ် ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းက ၁၁၆၈ ကျပ်ဖြစ်ပြီး ဧပြီ ၂၅ ရက်မှာ သတ်မှတ်ခဲ့တာပါ။ အမြင့်ဆုံး ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းကိုတော့ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၁၁ ရက်အထိ ၁၂၈၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ပြီး အနိမ့်ဆုံးနှုန်းထားနှင့် အမြင့်ဆုံးနှုန်းထားကို နှိုင်းယှဉ်ရင် ၁၁၇ ကျပ်မြင့်တက်လာပြီး ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စံချိန်တင်ဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဆုံးနိုင်ငံခြား ငွေလဲနှုန်းဟာ ၁၃၆၅ ကျပ် (၂၀၀၇ ခုနှစ် ဇူလိုင် ၁ ရက်) ဖြစ်ပြီး အနိမ့်ဆုံး နိုင်ငံခြား ငွေလဲနှုန်းကတော့ ၇၂၅ ကျပ် (၂၀၁၁ ခုနှစ် သြဂုတ် ၁၇ ရက်) ဖြစ်ပါတယ်။ အစိုးရသစ် လက်ထက်အတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံခြား ငွေလဲနှုန်းဟာ မြန်မာနိုင်ငံရဲ့ စံချိန်တင်ငွေလဲနှုန်းကို မီဖို့ ၆၃ ကျပ်ပဲ လိုတော့တာဖြစ်ပါတယ်။ တွက်ကြည့်မယ်ဆိုရင် အစိုးရသစ် လက်ထက် ငွေလဲနှုန်း မြင့်တက်မှုဟာ သြဂုတ်၂၀ ရက်တုန်းက ဈေးနှုန်းနဲ့ ယှဉ်မယ်ဆိုရင် ရက်ပိုင်း ၈၀ ကျော်အတွင်း  ၉၆ ကျပ်အထိ မြင့်တက်လာတာပါ။

NLD အစိုးရလက်ထက်အတွင်း ဖြစ်ပေါ်တဲ့ နိုင်ငံခြား ငွေလဲနှုန်းတွေကို အနီးဆုံးဖြစ်ပေါ်ခဲ့တဲ့ နှုန်းထားတူကာလတွေနဲ့ ပြန်ကြည့်ရင် အစိုးရသစ် စတင်တက်ရောက်ချိန် ဖြစ်ပေါ်ခဲ့တဲ့ ၁၁၉၃ ကျပ်က ၂၀၁၅ ခုနှစ် ဇူလိုင် ၇ ရက်မှာဖြစ်ခဲ့တဲ့ ဈေးနဲ့တူပါတယ်။ အစိုးရသစ် လက်ထက်အတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ ၁၃၀၂ ကျပ်နှုန်းထားက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က ဈေးနဲ့ တူညီပါတယ်။  အစိုးရသစ်လက်အတွင်း အနိမ့်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ၁၁၅၃ ကျပ်ဟာ ၂၀၁၅ ခုနှစ် ဇွန် ၃ ရက်ဈေးနဲ့ တူညီတာ တွေ့ရပါတယ်။

ဒါတွေကို ပြန်ကြည့်ရင် အစိုးရသစ် လက်ထက်အစပိုင်းမှာ အကောင်းမြင်စိတ်ကြောင့် နိုင်ငံခြား ငွေလဲနှုန်း တည်ငြိမ်နေပေမယ့် နောက်ပိုင်းအထူးသဖြင့် သြဂုတ်လကုန်ပိုင်းက စတင်ကာ ဈေးနှုန်းအတက်အကျ ကြမ်းခဲ့ပြီး အတက်ဘက်ကို အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းအထိ ဦးတည်ခဲ့တာပါ။ ၂၀၁၆ ခုနှစ် သြဂုတ် ၁၉ ရက်အထိ ၁၁၉၇ ကျပ် အထိပဲရှိခဲ့တဲ့ နိုင်ငံခြား ငွေလဲနှုန်းဟာ သြဂုတ် ၂၀ ရက်မှာ ကျပ် ၁၂၀၀ကို ရောက်ရှိခဲ့ပါတယ်။ သြဂုတ် ၃၀ ရက်အထိ ၁၂၁၈ ကျပ်အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်မှာ ကျပ် ၁၂၇၀ အထိ ဆက်လက်မြင့်တက်ခဲ့ကာ အောက်တိုဘာ ၂၆ ရက်မှာ ၁၂၉၆ ကျပ်၊ နိုဝင်ဘာ ၁၂ ရက်မှာတော့ လက်ရှိအစိုးရ လက်ထက် အမြင့်ဆုံး ငွေလဲနှုန်းထားဖြစ်တဲ့ ၁၃၀၂ ကျပ်နှုန်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဒေါ်လာဈေးနှုန်း ဆက်တိုက် မြင့်တက်လာမှုနဲ့အတူ ရွှေဈေးနှုန်းဟာလည်း လက်ရှိ အစိုးရသက်တမ်း ခုနစ်လကျော်အတွင်း အတက်အကျ ကြမ်းခဲ့ပါတယ်။ သမိုင်းတစ်လျှောက် အမြင့်ဆုံး ရွှေဈေးနှုန်းအဖြစ် ကျပ် ၉၀၀၂၀၀ အထိ ဖြစ်ပေါ်ခဲ့တာပါ။ NLD အစိုးရ စတင်တက်တဲ့ ဧပြီ ၁ ရက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရွှေဈေး ကျပ် ၇၈၂၀၀၀ နဲ့ယှဉ်ရင် ကျပ် ၁၂၀၀၀၀ ခန့်အထိ မြင့်တက်ခဲ့တာပါ။ ဇွန် ၂၄ ရက်ကစပြီး ပြည်တွင်း ရွှေဈေးနှုန်း ကျပ် ၈၀၀၀၀၀ အထက်ကနေ လက်ရှိအချိန်အထိ ပြန်မဆင်းတော့တာ ဖြစ်ပါတယ်။

ဇွန်လကုန်ပိုင်းမှာဖြစ်ခဲ့တဲ့ အီးယူကနေ ဗြိတိန်ခွဲထွက်ဖို့ ဆုံးဖြတ်ချိန် နောက်ပိုင်းကတည်းက အတက်အကျများခဲ့တဲ့ ရွှေဈေးနှုန်းဟာ အမေရိကန် ရွေးကောက်ပွဲကာလ တစ်လျှောက်လုံးမှာလည်း အလှုပ်အခတ်တွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဟီလာရီကလင်တန်နိုင်ရင် ဒေါ်လာဈေး တက်မယ်။ ဒေါ်နယ်ထရန့် နိုင်ရင် ရွှေဈေးတက်မယ်လို့ ရွေးကောက်ပွဲမတိုင်မီမှာ ခန့်မှန်းခဲ့ကြပေမယ့် ရလဒ် ထွက်ပေါ်ချိန်မှာတော့ ရွှေဈေး ထိုးဆင်းသွားပြီး ဒေါ်လာဈေး တက်ခဲ့တာပါ။ နိုဝင်ဘာ ၈ ရက် ညပိုင်းမှာ တစ်အောင်စ ၁၂၆၉ ဒေါ်လာအထိ ကျဆင်းခဲ့တဲ့ ရွှေဈေးဟာ နိုဝင်ဘာ ၉ ရက်မှာ ၁၃၃၆ ဒေါ်လာအထိ ခုန်တက်ခဲ့ပေမယ့် ရွေးကောက်ပွဲပြီးချိန်မှာ ၁၂၉၈ ဒေါ်လာကို ပြန်ဆင်းခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာ ၁၀ ရက်မှာ ဒေါ်လာ ၁၂၈၀ ကျော်၊ နိုဝင်ဘာ ၁၁ ရက်မှာ ဒေါ်လာ ၁၂၅၀ ကျော်၊ နိုဝင်ဘာ ၁၂ ရက်မှာ ဒေါ်လာ ၁၂၂၀ ကျော်အထိ ကျဆင်းခဲ့ပြီး ရက်ပိုင်းအတွင်း ဒေါ်လာ ၁၀၀ ကျော် ကျဆင်းခဲ့ပါတယ်။

ပြည်တွင်း ရွှေဈေးကွက်မှာလည်း ကမ္ဘာ့ဈေးနှုန်း အလှုပ်အခတ်ကြောင့် နိုဝင်ဘာ ၇ ရက်နဲ့ နိုဝင်ဘာ ၈ ရက်တို့မှာ ကျပ် ၈၇၈၀၀၀- ၈၀၀၀၀၀ ကြားဖြစ်ပေါ်ခဲ့တဲ့ ရွှေဈေးနှုန်းဟာ ရလဒ်ထွက်ပေါ်ချိန် နိုဝင်ဘာ ၉ ရက်မှာ ကျပ် ၈၉၂၂၀၀ အထိ မြင့်တက်ခဲ့ပြီး ရလဒ်ထွက်ပေါ်ခဲ့ချိန်မှာ ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည် ကျဆင်းခဲ့ပါတယ်။ နိုဝင်ဘာ ၁၀ ရက်မှာ ကျပ် ၈၈၄၅၀၀ အထိ၊ နိုဝင်ဘာ ၁၁ ရက်မှာ ကျပ် ၈၇၄၀၀၀ အထိ၊ နိုဝင်ဘာ ၁၂ ရက်မှာ ကျပ် ၈၆၁၄၀၀ အထိ ဆက်တိုက် ပြန်ကျလာတာ ဖြစ်ပါတယ်။

ဒီနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ရွှေဈေးနှုန်း စံချိန်သစ်တွေ တင်ခဲ့သလို ကမ္ဘာ့ရွှေဈေးနှုန်းလည်း မြင့်တက်ခဲ့တာ တွေ့ရပါတယ်။ ဇူလိုင် ၆ ရက် မွန်းလွဲပိုင်းမှာ နှစ်နှစ်ကျော်အတွင်း စံချိန်တင် ကမ္ဘာ့ဈေးအဖြစ် ၁၃၇၀ ဒသမ ၇၀ အထိရှိလာပြီး အဲဒီအချိန် မြန်မာ့ရွှေဈေးကွက်မှာ ကျပ် ၈၃၆၀၀၀ ဈေးပေါက်ခဲ့တာပါ။ မြန်မာဈေးကွက်မှာ စံချိန်တင်ဈေးနှုန်း ဖြစ်ပေါ်ခဲ့တာကတော့ အောက်တိုဘာ ၄ ရက်မှာ ကျပ် ၉၀၂၀၀၀ အထိ ရောက်ရှိခဲ့တာဖြစ်ပြီး အဲဒီအချိန် ကမ္ဘာ့ရွှေဈေးနှုန်းက ၁၃၁၁ ဒေါ်လာခန့်ရှိကာ ပြည်တွင်းငွေလဲနှုန်း ၁၂၈၈ ကျပ် ဖြစ်နေတာကြောင့် စံချိန်တင် ပြည်တွင်း ရွှေဈေးနှုန်းဖြစ်ခဲ့တာပါ။

၂၀၁၆ ခုနှစ်ဟာ တကယ်တော့ ရွှေဈေးနှုန်း အလှုပ်အခတ်များတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက်လည်း ရွှေဈေးနှုန်းနဲ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း အတက်အကျ များပြားခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်း အခြေအနေနဲ့ ပြန်ယှဉ်ကြည့်ရင် ဈေးနှုန်းတွေ သိသိသာသာ ကွာခြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ပြည်တွင်း ရွှေဈေးနှုန်းက ၇၄၃၅၀၀ ကျပ်ရှိပြီး ကမ္ဘာ့ ရွှေဈေးနှုန်းက ၁၀၆၁ ဒေါ်လာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်မှာဖြစ်ပေါ်တဲ့ အမြင့်ဆုံးဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ပြည်တွင်းဈေးမှာ

ကျပ် ၁၅၆၀၀၀ ကျော် မြင့်တက်ခဲ့ပြီး ကမ္ဘာ့ဈေး အမြင့်ဆုံးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒေါ်လာ ၃၀၀ ကျော်အထိ ပိုမိုခဲ့တာ တွေ့နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရွှေဈေးနှုန်းကို ဈေးကွက်က သတ်မှတ်တာဖြစ်ပြီး ဈေးကွက်ပေါ် သက်ရောက်မှုရှိနေတဲ့ အချက်တွေ အများကြီးရှိပါတယ်။ အဓိကအနေနဲ့ မြန်မာရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနှုန်း၊ နိုင်ငံခြားငွေ လဲနှုန်း၊ ဈေးကွက်အတွင်း ရွှေတည်ရှိမှု ပမာဏ၊ ပြည်တွင်းသုံး ကျပ်ငွေလည်ပတ်မှု အနေအထား၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှု ထိစပ်နေတဲ့ နယ်စပ်ဒေသတွေနဲ့ ငွေလဲနှုန်းထားတွေ (ဥပမာ-ယွမ်၊ ဘတ်)၊ ပြည်တွင်း ရွှေဝယ်ရောင်းလုပ်သူတွေရဲ့ အခြေအနေ၊ ပြည်တွင်းမှာ ပြောင်းလဲနေတဲ့ သတင်းအချက်အလက်တွေနဲ့ ကောလာဟလတွေ စတာတွေအပေါ် အခြေခံပြီး ပြောင်းလဲနေတာဖြစ်ပါတယ်။

အဲဒီထဲမှာမှ ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲနှုန်းက ပြည်တွင်းရွှေဈေးကွက်မှာ သက်ရောက်မှု အများဆုံးဖြစ်ပါတယ်။ မြန်မာ့ရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးနှုန်း၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း စတဲ့အကြောင်းတရားတွေကြောင့် အတက်အကျ သံသရာလည်နေဦးမှာပဲ ဖြစ်ပါတယ်။ ၀ယ်လိုက် - ရောင်းလိုက်၊ ရှုံးလိုက် - မြတ်လိုက် ဖြစ်နေဦးမှာပါ။ ကမ္ဘာ့ရွှေဈေးနှုန်းကိုတော့ မြန်မာနိုင်ငံအနေနဲ့ ထိန်းနိုင်မှာ မဟုတ်ပေမယ့် ကိုယ့်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံခြား ငွေလဲနှုန်းကိုတော့ တည်ငြိမ်အောင်၊ အတက်အကျ မကြမ်းအောင် ထိန်းရမှာပါ။

နိုင်ငံခြား ငွေလဲနှုန်း အတက်အကျဟာ နိုင်ငံခြားငွေ ၀ယ်လိုအားနဲ့ ရောင်းလိုအားကို သက်ရောက်စေနိုင်တဲ့ အကြောင်းရင်းတွေအပေါ်မှာ အခြေခံပြီး အဓိကကျတဲ့ အချက်တွေကတော့ နိုင်ငံတကာငွေကြေး ဈေးကွက် အခြေအနေ၊ နိုင်ငံ့ပို့ကုန် သွင်းကုန်ပမာဏ၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ရသုံးမှန်းခြေ ငွေစာရင်းရှင်းတမ်း အခြေအနေ၊ စီးပွားရေးစနစ်အတွင်းရှိ ကုန်စည်နဲ့ ၀န်ဆောင်မှုတွေရဲ့ ဈေနှုန်း အခြေအနေတို့ဖြစ်ပြီး တစ်နည်းအားဖြင့် စီးပွားရေး စနစ်အတွင်းရှိ အတွင်း/အပြင် အခြေခံအချက်တွေ ကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေရေးကြေးရေး ကြပ်မတ်ကွပ်ကဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က သုံးသပ်ထားပါတယ်။

အဲဒီနိုင်ငံခြား ငွေလဲနှုန်းကို သက်ရောက်မှုရှိစေတဲ့ အချက်တွေကိုကြည့်ရင် နိုင်ငံတကာငွေကြေး ဈေးကွက်မှာ ဒေါ်လာဈေးအား ကောင်းနေပါတယ်။ နိုင်ငံ့ရဲ့ ပို့ကုန်သွင်းကုန် ပမာဏက နိုဝင်ဘာ ၄ ရက်အထိ ဒေါ်လာ ၁၅ ဒသမ ၅၇ ဘီလျံဖိုးရှိပြီး မနှစ်ကနဲ့ ယှဉ်ရင် ဒေါ်လာသန်း ၁၄၀ ကျော် လျော့ကျနေပါတယ်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကတော့ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှာ တိုးတက်မှုနှုန်း ၇ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ်လို့ မျှော်မှန်းထားပေမယ့် ၂၀၁၆ ခုနှစ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ စီးပွားရေးတန့်မှုနဲ့ ရေကြီး နစ်မြုပ်မှုတွေကြောင့် လျော့ကျလာနိုင်ပါတယ်။ စီးပွားရေးစနစ် အတွင်းရှိ ကုန်စည်နဲ့ ၀န်ဆောင်မှုတွေရဲ့ ဈေးနှုန်းအခြေအနေကတော့ ငွေကြေး ဖောင်းပွမှုနှုန်း ၁၂ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်နေတာကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့ အထွေထွေ ကုန်ကျစရိတ် မြင့်တက်မှုတွေ ရှိနေပါတယ်။

ငွေလဲနှုန်းဟာ ကုန်ဈေးနှုန်း၊ ရွှေဈေးနှုန်းတို့လို အဓိကကုန်စည်တွေရဲ့ ဈေးနှုန်းအပေါ် သက်ရောက်မှုများပြီး နိုင်ငံလုံးဆိုင်ရာ စီးပွားရေး တည်ငြိမ်မှုရဲ့ မျှခြေကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ငွေလဲနှုန်း အတက်အကျ ကြမ်းရင် စီးပွားရေး အခြေအနေတွေလည်း ကမောက်ကမဖြစ်စေပြီး ရှိရင်းစွဲ စီးပွားရေး တည်ငြိမ်မှုကို ထိခိုက်စေမှာပါ။ ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပို့ကုန်ကို အားကောင်းစေတယ်လို့ ပြောနိုင်ပေမယ့် သွင်းကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုကြောင့် ပြည်တွင်းစားသုံးသူတွေအတွက် ထိခိုက်မှုတွေ ရှိပါတယ်။ ဈေးနှုန်းတွေ မတည်မငြိမ် ဖြစ်ပေါ်မှုဟာ စီးပွားရေးအ၀န်းအ၀ိုင်း တစ်ခုလုံးအတွက် မှန်းဆရခက်ခဲတဲ့ အခြေအနေကို တွန်းပို့နေတာ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံခြား ငွေလဲနှုန်းနဲ့ ရွှေဈေးနှုန်းဟာ ပြည်တွင်းအခြေအနေတွေနဲ့ ကမ္ဘာ့ဈေးကွက် အနေအထားတွေအပေါ် မူတည်ပြီး ပြောင်းလဲနေဦးမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အစိုးရသစ်အနေနဲ့ စီးပွားရေး တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်အောင်လုပ်ဖို့ ကြိုးစားဆောင်ရွက်နေမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိ မြန်မာ့စီးပွားရေးက တုံ့ဆိုင်းနေဆဲဖြစ်သလို စီးပွားရေး တည်ငြိမ်မှုကို ညွှန်းဆိုနိုင်မယ့် အဓိက ဈေးနှုန်းတွေ လှုပ်ခတ်မှုဒဏ်ကို ပြည်သူအများ ခံစားနေရတာကြောင့် မြန်မာ့စီးပွားရေးကို နိုင်ငံသူ၊ နိုင်ငံသားတွေ အကောင်းမြင်နိုင်စေဖို့ ရွေးကောက်ခံ အစိုးရရဲ့ ကြိုးစားအားထုတ်မှုကောင်းတွေ လိုနေပါတယ်။ အစိုးရသစ်အနေနဲ့ စီးပွားရေး မျှော်မှန်းချက်တွေ ထားရှိခဲ့ပေမယ့် အကောင်အထည်ဖော်မှုတွေမှာ အားနည်းချက်တွေ ရှိခဲ့တာကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေး အခြေအနေတွေက ပြည်သူပြည်သားတွေရဲ့ မျှော်လင့်ချက်ကို ပြည့်မီဖို့တော့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။                 

Writer: 

စည်သူအောင

No comments:

Post a Comment