Monday, December 12, 2016

ပိုင်ရှင်ဆက်သွယ်မရတဲ့ ကသာမြို့က ခြံဝင်းတစ်ခုကို ချိပ်ပိတ်ဖို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ညွှန်ကြား


စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့က ပိုင်ရှင်ဆက်သွယ်လို့မရတဲ့ ခြံဝင်းတစ်ခုကို ချိပ်ပိတ်ဖို့နဲ့ ခြံဝင်းထဲရှိ ပစ္စည်းစာရင်းတွေကိုပြုစုပြီး အမှုတွဲဖွင့်လှစ်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ညွှန်ကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၂ ရက် ဒီကနေ့မှာ ကသာမြို့ကို ရောက်ရှိစဉ် အဲဒီခြံဝင်းကို စစ်ဆေးပြီးနောက် ၀န်ကြီးချုပ်က အဲဒီလိုညွှန်ကြားလိုက်တာပါ။ အဲဒီခြံဝင်းထဲမှာ ဆီဘောက်ဆာယာဉ်တွေ၊ ထော်လာဂျီတွေ၊ နောက်တွဲကားတွေနဲ့ မြေတူးစက်စတဲ့ ယာဉ်အများအပြားကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ခြံဝင်းထဲမှာ ရှိတဲ့ စက်ပစ္စည်းများဟာရှုပ်ပွနေပြီး ဘာပစ္စည်းတွေ မှန်းမသိလို့ အကုန်စစ်ဆေးခိုင်းထားသလို ဘာမှ မသိသေးတဲ့အတွက် ယာယီပိတ်ဖို့ကိုလည်း ညွှန်ကြားထားတယ်လို့လည်း တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က MCN သတင်းဌာနကို ပြောပါတယ်။

အခုပစ္စည်းတွေကို တိုင်းအစိုးရက သိမ်းဆည်းတာမျိုးမဟုတ်ဘဲ ပစ္စည်းစာရင်းတွေကို သေချာပြုစုထားဖို့နဲ့ ကညန အနေနဲ့ လိုင်စင်တွေကို စစ်ဆေးဖို့ကိုလည်း ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ အခုလိုဘာမှမသိတဲ့ စက်ပစ္စည်းတွေကို တွေ့လိုက်ရတော့ တိုင်းပြည်အတွက် အလွန်နစ်နာနေပြီး ခန့်မှန်းခြေ(၂)နှစ်လောက်တောင် ခြံဝင်းအတွင်းမှာ သိမ်းဆည်းထားတဲ့အကြောင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

အဲဒီခြံကို ကသာမြို့ (၁၀)ရပ်နေ ဒေါ်သီတာက ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ခြံဝင်းကို 7-Starကုမ္ပဏီက စက်ပစ္စည်းတွေ အခုလိုလာရောက် သိမ်းတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 7-star ကုမ္ပဏီ တာဝန်ခံကိုနိုင်ဦးကို MCNသတင်းဌာနက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်မေးမြန်းလို့ မရရှိခဲ့ပါဘူး။

MCN

No comments:

Post a Comment