Saturday, December 24, 2016

မြောက်ဝင်ရိုးစွန်းမှာ အပူချိန် စံချိန်တင်မြင့်တက်ဖွယ် ရှိ

ယခုနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ မြောက်ဝင်ရိုးစွန်းဒေသရဲ့ အပူချိန်ဟာ ပျှမ်းမျှအပူချိန်ထက် ၂၀ ဒီဂရီ ပိုမိုမြင့်မားပြီး စံချိန်တင် မြင့်တက်ဖွယ် ရှိနေပါတယ်။

အာတိတ်ဒေသမှာ ဒီလိုရာသီဥတုနဲ့ မလျော်စွာ အပူချိန် မြင့်တက်တာဟာ လူတွေကြောင့် ဖြစ်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဆိုင်ရာ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အာတိတ်ဒေသရဲ့ အပူချိန်ဟာ ပျှမ်းမျှထက် ၅ ဒီဂရီ မြင့်တက်ခဲ့ပြီးနောက် ၂၀ ဒီဂရီထိ ဆက်လက်မြင့်တက်ဖွယ် ရှိနေတာပါ။

ဂြိုဟ်တုပုံရိပ် မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ နွေရာသီတုန်းက အာတိတ်ဒေသရဲ့ ရေခဲပြင်ဟာ ဒုတိယမြောက် အသေးငယ်ဆုံး ဖြစ်ခဲ့ပြီးနောက် အခုလို ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ စံချိန်တင် အပူချိန် မြင့်တက်မယ့် အခြေအနေနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ယခုနှစ်လို စံချိန်တင် မြင့်တက်မယ့် အပူချိန်မျိုးနဲ့ အပူလှိုင်းဖြစ်ပေါ်မှုမျိုးဟာ အလွန်တရာဖြစ်ခဲပြီး နှစ်ပေါင်း ၁၀၀၀ လောက်မှသာ တစ်ကြိမ် ဖြစ်ပေါ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အာတိတ်ဒေသက ရေခဲပြင်တွေ အရည်ပျော်ပြီး ရေခဲပြင်တွေ သေးငယ်လာပြီး နေရဲ့ အပူချိန်ကို ရောင်ပြန်ဟပ်မှု လျော့နည်းကာ စုပ်ယူထားမှု ပိုမြင့်လာတဲ့အတွက် အပူချိန်ကလည်း ထပ်မံမြင့်တက်လာတယ်လို့ အောက်စဖို့ဒ်ရဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲရေး လေ့လာမှု အင်စတီကျုက သိပ္ပံပညာရှင် ဒေါက်တာအော်တိုက ဆိုပါတယ်။

တကယ်လို့ အပူချိန်က လက်ရှိအတိုင်း ဆက်လက်မြင့်တက်နေမယ် ဆိုရင်တော့ အခုလို အပူလှိုင်း ဖြစ်ပေါ်မှုမျိုးကို နှစ်တိုင်း ကြုံတွေ့ရဖွယ် ရှိတယ်လို့လည်း ဒေါက်တာအော်တိုက ပြောပါတယ်။

Ref : BBC

No comments:

Post a Comment