Saturday, December 24, 2016

နိုင်ဂျီးရီးယားမှာ ဆန်အတု အိတ် ၁၀၀ ကျော် ဖမ်းမိ

နိုင်ဂျီးရီးယားနိုင်ငံမှာ ဆန်အတု အိတ် ၁၀၀ ကျော်ကို အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

ခရစ္စမတ် အားလပ်ရက် ကာလမှာ ဆန်အတု ၁၀၂ အိတ်၊ အလေးချိန်အားဖြင့် မတ်ထရစ်တန် ၃ တန်နီးပါးကို ဖမ်းဆီးရမိခဲ့တာပါ။

ယင်းဆန်တွေကို လက်ဆောင်အဖြစ် လက်ခံရရှိသူ တစ်ဦးက သတင်းပေး တိုင်ကြားရာကနေ အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။

လက်တလော စစ်ဆေးမှုတွေအရ ဆန်အတုတွေဟာ ပလတ်စတစ်၊ ဒါမှမဟုတ် လူကို ဘေးဥပါဒ်ပေးနိုင်တဲ့ ဓါတုပစ္စည်းတစ်မျိုးမျိုးနဲ့ ပြုလုပ်ထားတာ မဟုတ်တဲ့အတွက် နိုင်ဂျီးရီးယား ပြည်သူတွေ အနေနဲ့ စိုးရိမ်စိတ်မလွန်ကဲကြဖို့ တာဝန်ရှိသူတွေက ကြေညာထားပါတယ်။

ဒါပေမဲ့ ယင်းဆန်အတုတွေကို ဘာနဲ့လုပ်ထားသလဲ ဆိုတာ အပါအဝင် အခြားအသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်လို့တော့ တာဝန်ရှိသူတွေဟာ လက်ရှိအချိန်ထိ ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေးပါဘူး။

ယင်းဆန်အတုတွေ တင်သွင်းမိလာတဲ့ ကုန်သည်တွေကို ပွဲတော်ရက်ကာလမှာ လောဘနောက်လိုက်ပြီး ပေါ့လျော့သူတွေအဖြစ် တာဝန်ရှိသူတစ်ဦးက ပြစ်တင်ဝေဖန်ထားပေမယ့် ယင်းဆန်အတုတွေကို ဘယ်နိုင်ငံကနေ တင်သွင်းတာလဲ ဆိုတာကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

နိုင်ဂျီးရီးယားနိုင်ငံဟာ ဆန်ကို အဓိက အားပြုစားသောက်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး တစ်နှစ်ကို ဆန်မတ်ထရစ်တန် ၆ သန်းခန့်အထိ စားသုံးတဲ့နိုင်ငံပဲ ဖြစ်ပါတယ်။

Ref : CNN

No comments:

Post a Comment