Saturday, December 24, 2016

အစ္စရေး လူနေအိမ်ရာဆောက်လုပ်မှု ရပ်တန့် ရေး ကုလသမဂ္ဂဆုံးဖြတ် ========================================


အစ္စရေးနိုင်ငံက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေမှာ ဂျူးလူနေအိမ်ရာတွေ တည်ဆောက်နေမှု ရပ်တန့်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့  ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက တားမြစ်ခြင်း မရှိခဲ့လို့  ဒီဇင်ဘာ(၂၃)ရက်မှာ ဆုံးဖြတ်ချက်အတည်ပြုခဲ့တယ်လို့  သိရပါတယ်။

လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ အမေရိကန်ဟာ ကာလကြာရှည် မဟာမိတ် အစ္စရေးနိုင်ငံနဲ့  ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် တို့ ရဲ့  ဖိအားပေးမှုတွေ ရှိခဲ့ပေမယ့် ဗီတိုသုံးခြင်းမရှိခဲ့ဘဲ ဆုံးဖြတ်ချက်ကို ခွင့်ပြုလိုက်တာ ဖြစ်ပါတယ် ။ လုံခြုံရေးကောင်စီအဖွဲ့ ဝင်(၁၅)နိုင်ငံက ယင်းဆုံးဖြတ်ချက် အတည်ပြုရာမှာ အမေရိကန်က ကြားနေခဲ့ပြီး အခြား(၁၄)နိုင်ငံက ထောက်ခံမဲပေးကာ အတည်ဖြစ်ခဲ့လို့  ကောင်စီခန်းမအတွင်း လက်ခုပ်သြဘာတွေ ညံခဲ့ပါတယ်။

နောင်တစ်ချိန်မှာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ပါလက်စတိုင်းတွေရဲ့ မြေပေါ်မှာ ဂျူးလူနေအိမ်ရာတည်ဆောက်မှု တိုးပွားလာခြင်းအပေါ် အမေရိကန်နိုင်ငံက ကြီးကြီးမားမား စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရမှု နောက်ပိုင်း အိုဘားမားအစိုးရအဖွဲ့ က အခုလို ရပ်တည်လာခဲ့တာဖြစ်ပါတယ်။

``ကုလသမဂ္ဂရဲ့  အစ္စရေးဆန့် ကျင်ရေး ရှက်စရာ ဒီဆုံးဖြတ်ချက်ကို အစ္စရေးက ကန့် ကွက်ပါတယ်။ ဒီကိစ္စဟာ သည်းခံနိုင်ဖွယ်ရာ မရှိဘူး´´လို့  အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောခဲ့ပါတယ်။

၁၉၆၇ ခုနှစ်က အိမ်နီးခြင်းအာရပ်နိုင်ငံတွေနဲ့  စစ်ပွဲမှာ အစ္စရေးက သိမ်းပိုက်နိုင်ခဲ့တဲ့ နယ်မြေအတွင်း ဂျူးလူနေအိမ်ရာတွေ တိုးချဲ့ တည်ဆောက်မှုကို နေတန်ယာဟုက အားပေးခဲ့ပါတယ်။ အမေရိကန်ရဲ့  ယခုတစ်ကြိမ် ဗီတိုအာဏာသုံးရန် ပျက်ကွက်ခဲ့မှုဟာ သမ္မတ အိုဘားမားရဲ့ (၈)နှစ်ကြာ ရာထူးသက်တမ်းမကုန်ဆုံးမီ သီတင်းပတ်အနည်းငယ်အလိုမှာ ဖြစ်ပါတယ်။ ယခုကိစ္စနဲ့ ပတ်သက်လို့  အစ္စရေးနိုင်ငံအပေါ် တောက်လျှောက်ကာကွယ်ပေးလာခဲ့တဲ့ အမေရိကန်ရဲ့ ရပ်တည်မှုကို သမ္မတက ချိုးဖျက်ခဲ့တာလည်း ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံဟာ အမေရိကန်ထံကနေ နှစ်စဉ် စစ်ရေးအကူအညီ ဒေါ်လာ(၃) ဘီလီယံကျော် ရရှိနေခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်နဲ့  တရုတ်နိုင်ငံတို့ ဟာ ဗီတိုအာဏာသုံးနိုင်တဲ့ အဖွဲ့ ဝင်နိုင်ငံတွေ ဖြစ်ပါတယ်။

Reuters


No comments: