နိုဝင်ဘာ ၂၂၊ ၂၀၁၆
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသတွင် KIA၊ TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ၏ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူများ ထိခိုက်နစ်နာ သေဆုံးခဲ့ရမှုများကို အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
နိုဝင်ဘာ ၂၂ ရက်၊ ၀၈၀၀ နာရီအချိန်တွင် နမ့်နိုင်မှ ကွတ်ခိုင်သို့ ထွက်ခွာလာသော ယာဉ်ကြီး/ ယာဉ်ငယ် (၁၈) စီးသည် ယာဉ်မောင်းများမရှိဘဲ ရပ်တန့်ထားပြီး ယာဉ်များသွားလာ၍မရအောင် ပိတ်ဆို့ထားကြောင်း သတင်းရရှိသဖြင့် တပ်မတော် စစ်ကြောင်းမှ သွားရောက်ရှင်းလင်းခဲ့ရာ KIA၊ TNLA နှင့် MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ ရက်စက်စွာ ပစ်ခတ်မှုကြောင့် အသက် ၄၂ နှစ် ခန့်ရှိ၊ အပြစ်မဲ့ ယာဉ်မောင်း အမျိုးသားတစ်ဦး (အမည်နှင့် နေရပ် စိစစ်ဆဲ) သည် ၁၂ ဘီး (Nissan) ယာဉ် အမှတ် 7F/6289 ယာဉ်ဦးခန်းပေါ်တွင် နှဖူးကျည်ဆံဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးလျက်ရှိကြောင်း တွေ့ရှိရသည်။ အတင်းအကြပ်ပိတ်ဆို့ရပ်တန့်ထားခြင်းခံရသည့် ယာဉ်များအနက် အချို့ယာဉ်များ၏ ကားမှန်များကို ရိုက်ခွဲခြင်းများအပါအဝင် ယာဉ်များအား ဖျက်ဆီးမှုများပြုလုပ်ထားကြောင်းတွေ့ရှိရပြီး လမ်းပေါ်တွင် ယာဉ်များ သွားလာရဲခြင်းမရှိစေရန်နှင့် ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
No comments:
Post a Comment