Tuesday, November 8, 2016

လှိုင်သာယာ ရဲစခန်းတွင် တစ်လင်တစ်မယား ဥပဒေဖြင့် တစ်ရက်တည်း အမှုဖွင့်ရန် လာရောက် ဆွေးနွေးသူ ၅ ဦးရှိ



Posted: November 7, 2016

လှိုင်သာယာမြို့နယ် ရဲစခန်းသို့ နိုဝင်ဘာ ၆ ရက်နေ့က တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်ရန် ရဲစခန်းသို့ လာရောက် ဆွေးနွေးသူ ၅ ဦးခန့်ရှိကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

အဆိုပါရဲစခန်း တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်ရန် လာရောက်တိုင်ကြားရန် ဆွေးနွေးခြင်းများရှိပြီး ရဲစခန်းမှ တစ်လင်တစ်မယား ဥပဒေနှင့်ပတ်သက်ပြီး မည်သည့် ပုဒ်မသည် ထောင်ဒဏ် ဘယ်နှနှစ်ရှိကြောင်း၊ တရားလိုအနေဖြင့် အမှုဖွင့်ရန် မည့်သည့် အချက်များ လိုအပ်ကြောင်း ရှင်းပြပြီးနောက် လာရောက် ဆွေးနွေးသူ ၅ ဦးတွင် ၁ ဦင်္းသာ အမှုဖွင့်ဖြစ်ကြောင်း ၄င်းကဆိုသည်။

 

၎င်းက “၅ မှုဆိုတာ လာတိုင်တာတွေ ရှိတယ်။ တချို့က လာတိုင်ပြီးတော့ မဖွင့်ချင် ဖြစ်သွားတယ်။ ဖွင့်ရင် ထောင်ဒဏ် ဘယ်လောက်ကြမယ်၊ လာပြီးတော့ အကြံဥာဏ် တောင်းတာပေါ့။ ဒီပုဒ်မဖွင့်ရင် ဘယ်လောက်ရှိသလဲ ဒီပုဒ်မဖွင့်ရင် ဘာတွေ လိုအပ်သလဲဆိုတာ လာမေးကြတယ်။ ဒီနေ့ပဲ ငါးဦးလာမေးကြတယ်။ အမှုဖွင့်မယ်ဆိုရင် တရားလိုအနေနဲ့ ဘာတွေလိုအပ်သလဲ။ တရားခံအနေနဲ့ ဘာတွေဖြစ်မလဲဆိုတာ တစ်လင်တစ်မယား ဥပဒေနဲ့ပတ်သက်ပြီး သိချင်တာလေးတွေ လာမေးသွားတာ ဖြစ်တယ်။ ဖွင့်တာကတော့ တစ်မှုပဲဖွင့်တယ်။ ကျန်တဲ့လေးဦးက မဖွင့်သွားဘူး” ဟု ပြောသည်။

 

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထပ်တွင် ပြဋ္ဌာန်းခဲ့သည့် မျိုးစောင့်ဥပဒေ ၄ ခုတွင် တစ်လင်တစ်မယား ဥပဒေကို နောက်ဆုံး အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဥပဒေ ၄ ခုတွင် တစ်လင်တစ်မယား ဥပဒေသည် အငြင်းပွားရဆုံး ဥပဒေဖြစ်ပြီး ဥပဒေတွင် အခန်း ၆ ခန်းနှင့်ပုဒ်မ ၂၁ ခုသာ ပါရှိသည်။

 

တစ်လင်တစ်မယား ဥပဒေမရ အိမ်ထောင်ရှိသူ (ယောက်ျား၊မိန်းမ) အိမ်ထောင်ရှိလျက်ဖြင့် တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ လုံးဝ နောက်အိမ်ထောင် ပြုခွင့်မရှိ။ အိမ်ထောင်ရှိနေဆဲဖြင့် နောက်အိမ်ထောင်ပြုလျှင် ထောင် ၇ နှစ် အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်။ နောက်အိမ်ထောင် ပြုသူကို ကျန်တစ်ဦး (ယောက်ျား/မိန်းမ)က ကွာရှင်းခွင့် တောင်းနိုင်သည်။ နောက်အိမ်ထောင်ပြုသူ (ယောက်ျား/မိန်းမ) သည် နှစ်ဦးသား ပိုင်ဆိုင်မှုကို ခံစားခွင့်မရှိစေရ တို့ ပါဝင်သည်။ အဆိုပါ ဥပဒေအရ နောက်အိမ်ထောင်ပြုသူထံ အမွေဆက်ခံခွင့် မရှိစေရဘဲ ကလေးများသာ အမွေဆက်ခံခွင့် ရရှိခြင်း အကျိုးခံစားရကြောင်း ဥပဒေထဲတွင် ဖော်ပြထားသည်။

 

အိမ်ထောင်ရှိခြင်းကို ထိန်ချန်၍ လက်ထပ်လျှင် ထောင်ဒဏ် ၁၀ နှစ် ကျခံနိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ပြီး အိမ်ထောင်ရှိခြင်းကို ကိုးကွယ်ရာ ဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအရ သတ်မှတ်ထားကြောင်း ဥပဒေတွင် ပါရှိသည်။

 

စိုင်းဟန်

The Ladies News

No comments:

Post a Comment