Tuesday, November 8, 2016

ကုန်သေတ္တာတင်ယာဉ်များ ရန်ကုန်မြို့တွင်းသို့ ကန့်သတ်ချက်ဖြင့် သွားလာခွင့် စတင်မည့် ရက်ကို ညှိနှိုင်းနေဆဲ

Posted: November 7, 2016

ရန်ကုန်မြို့တွင်းသို့ ကုန်သေတ္တာတင်ယာဉ်များ ကန့်သတ်ချက်ဖြင့် သွားလာခွင့် စတင်နိုင်မည့်ရက်ကို ညှိနှိုင်းဆဲသာ ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

 

နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ကုန်သေတ္တာတင်ယာဉ်များ အများပြည်သူသွားလာမှု များပြားသောနေ့ပိုင်းတွင် ရန်ကုန်မြို့တွင်း သွားလာမှုခွင့် မပြုဘဲ ည ၉ နာရီမှ နံနက် ၆ နာရီအတွင်းသာ သတ်မှတ်ထားသည့် ခွင့်ပြုလမ်းကြောင်းအတိုင်း သွားလာခွင့်ပြုမည်ဟု သတင်းမီဒီယာများတွင် ဖော်ပြခဲ့သော်လည်း ၀န်ကြီးဌာန အနေဖြင့် တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ဆဲသာ ရှိသေးသဖြင့် စတင်မည့်နိုင်မည့် ရက်ကို အစိုးရမှ တရားဝင် ထုတ်ပြန်ကြေညာပေးမည်ဟု ဆိုသည်။

 

ယင်းသို့ ညှိနှိုင်းဆောင်ရွက်နေစဉ် အတွင်း ကုန်သေတ္တာတင်ယာဉ်များ အနေဖြင့် နေ့လယ်ပိုင်းတွင် သွားလာခွင့် ရရှိနေဦးမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဆွေးနွေးရာတွင် ရန်ကုန်မြို့ထဲသို့ ကုန်သေတ္တာတင်ယာဉ် အပါအ၀င် ၆ ဘီးတပ်၊ ဝင်ရိုး နှစ်ချောင်း၊ ယာဉ်+ကုန် ၉ တန်ထက် ပိုသည့် ကုန်တင်ယာဉ်၊ အအေးခန်း ကုန်သေတ္တာတင်ယာဉ် အားလုံးတို့ကို ည ၉ နာရီမှ နံနက် ၆ နာရီအတွင်း ထွက်ခွင့် စသည့်အချက်များကို အဓိကထား ဆွေးနွေးကြမည်ဟု သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကြီးမှူးပြီး ကျင်းပသည့် ဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာရဲတပ်ဖွဲ့၊ အကောက်ခွန် ပင်လယ်ကူးသင်္ဘော ဆိပ်ကမ်းလေးခု၊ ကုန်သေတ္တာတင်ယာဉ် အသင်း၊ ကုန်တင်ယာဉ်အသင်း၊ အဝေးပြေး ကုန်တင်ယာဉ်အသင်း၊ အအေးခန်းကုန်သေတ္တာတင် ယာဉ်အသင်း၊ ဘုရင့်နောင်ပွဲရုံ ကြီးကြပ်ရေး အစရှိသည့် အဖွဲ့များ ပါဝင်ကြမည်ဖြစ်သည်။

 

ပြည်ထောင်စုစီမံဘဏ္ဏာ ဝန်ကြီးဌာန၊ စီးပွားကူးသန်း ဝန်ကြီးဌာန၊ ပို့ဆက်ဝန်ကြီးဌာနတို့၏ အကူအညီကို ရယူကာ လမ်းကြောင်း ရွေးချယ် သတ်မှတ်ခြင်း၊ ညဘက် သွားလာသည့်အခါ လမ်းကြောင်းတစ်လျှောက် ယာဉ်ကြောပိတ်နိုင်သည့် နေရာများကို မည်သို့ဖြေရှင်း နိုင်မည်ကို စီမံခြင်း၊ ကုန်သေတ္တာများ၊ ကုန်များ များပြားလာပါက ဆောင်ရွက်ရမည်တို့ကို စီစဉ်ဆောင်ရွက်ခြင်း၊ ယင်းသို့ စီစဉ်ဆောင်ရွက်ရာတွင် နီးစပ်ရာ နိုင်ငံများ တွင် ကျင့်သုံးနေသော နည်းလမ်းများကို လေ့လာရမည်ဟု

ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ဝသန်

The Ladies News

No comments:

Post a Comment