Tuesday, November 8, 2016

မြန်​မာနိုင်​ငံသားများအား ခြောက်ညအိပ် ​ခုနစ်ရက်​ခရီး သွား​ရောက်​ လည်​ပတ်​ခြင်း အစီအစဉ်အား နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ခွင့်​ပြု​ခဲ့သော်လည်း ထိုင်းရဲများ၏ ဖမ်းဆီးခံရခြင်း၊ ငွေကြေးတောင်းခံမှုများကို ကြုံတွေ့နေရဟုဆို

ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာများကို တွေ့ရစဉ်

မြ၀တီခရိုင်​နှင့်​ ထိစပ်​​နေသည့်​ ထိုင်းနိုင်​ငံ တာ့ခ်​ခရိုင်​အတွင်းရှိ မဲ​ဆောက်​၊ မယ်ရမတ်၊ ဖုတ်​ဖရာ့ စသည့်​မြို့နယ်​ သုံးမြို့နယ်​သို့ မြန်​မာနိုင်​ငံသားများအား ခြောက်ညအိပ်​ ခုနစ်ရက်​ သွား​ရောက်​ လည်​ပတ်​ခြင်း အစီအစဉ်​ကို အောင်တိုဘာ ၁ ရက် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ခွင့်​ပြု​ခဲ့သော်လည်း ထိုင်းရဲများ၏ ဖမ်းဆီးခံရခြင်း၊ ငွေကြေးတောင်းခံမှုများကို ကြုံတွေ့နေရကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

ထိုင်းနိုင်​ငံတာ့ခ်​ခရိုင်​ အတွင်းရှိ မဲဆောက်၊ မယ်​ရမတ်၊ ဖုတ်​ဖရာ့ စသည့်​ မြို့နယ်​သုံးမြို့ နယ်​သို့ သွားလာရန် မဆိုထားနှင့် မဲဆောက်မြို့နယ် မယ်ပ၊ မယ်ကု ကျေးရွာများသို့ သွားရောက် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အဖမ်းအဆီး၊ ငွေကြေးတောင်းခံမှုကို ခံနေကြရသည်ဟု ဆိုသည်။

ထို့ပြင် နှစ်ဖက်တာဝန်ရှိသူများ သဘောတူညီချက်အရ မြ၀တီခရိုင် အတွင်းနှင့် ထိုင်းနိုင်ငံ သုံးမြို့နယ်အတွင်း အပြန်အလှန် သွားလာခွင့်အား အောက်တိုဘာ ၁ ရက်တွင် ခွင့်ပြုခဲ့သော်လည်း လက်တွေ့၌ ထိုင်းနိုင်ငံဘက်တွင် အသက်ဝင်မှု မရှိကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌက ပြောကြားသည်။

မြ၀တီ-မဲဆောက် ညီအစ်မမြို့တော် အဖြစ်နှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာစေရေး၊ နယ်စပ်စီးပွား ကုန်သည်များ၊ အလုပ်သမားများ ကူးသန်းသွားလာမှု လွယ်ကူစေရန် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့်  ခြောက်ညအိပ် ခုနစ်ရက် ခွင့်ပြုခဲ့သော်လည်း သက်ရောက်မှု မရှိဘဲ  မြန်မာနိုင်ငံသားများ အဆင်မပြေမှုနှင့် ကြုံတွေ့နေရခြင်းနှင့် ပတ်သက်၍ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက “သုံးမြို့နယ်အတွင်းကို သွားဖို့နေနေသာသာ မဲဆောက် အပြင်ဘက်ကို ရောက်ရင်တောင်မှ ယင်းဒေသမှာ အခြေစိုက်နေတဲ့ ထိုင်းရဲတွေက ဖမ်းဆီးပြီး ငွေကြေးတောင်းခံတာတွေရှိတယ်။ ရဲကျင့်ဝတ်၊ ရဲစည်းကမ်းအတိုင်း မလုပ်ဘဲ ငွေရလိုမှု ပြုမူဆောင်ရွက် နေကြတဲ့အတွက် မြ၀တီ ကလာတဲ့ ကုန်သည်တွေ အလုပ်သမားတွေ စိတ်အနှောင့်အယှက် ဖြစ်နေကြပါတယ်” ဟု နိုဝင်ဘာ ၆ ရက်က ပြောကြားသည်။

ယခင်​က ကရင်​ပြည်​နယ်​အတွင်း ဖြစ်​ပွားခဲ့​သော လက်​နက်​ကိုင်​ ပဋိပက္ခများကြောင့်​ နယ်​​မြေလုံခြုံမှုအရ ခြောက်ညအိပ်​ ခုနစ်ရက်​ သွားလာမှုကို ခွင့်​မပြုခဲ့ခြင်း ဖြစ်​​ကြောင်း သိရသည်​။

“တာချီလိတ်​-မယ်​ဆိုင်​၊ ​ကော့​သောင်း -ရ​နောင်း ဘက်​မှာ​တော့ ထိုင်းနဲ့ စာချုပ်​ထားပြီးကတည်းက သွားလာခွင့် ပြုခဲ့တာဖြစ်​ပါတယ်​။  မဲ​ဆောက်​၊ မယ်​ရမတ်၊ ဖုတ်​ဖရာ့မြို့ နယ်​သုံးခုကို ခြောက်ညအိပ် ခုနစ်ရက်သွား လာခွင့်ကို အခုမှ ခွင့်ပြုတယ်ဆိုပေမယ့် မြန်မာလုပ်သားတွေအတွက် ပိုပြီးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်” ဟု မြ၀တီချစ်ကြည်ရေး တံတားမှ တာဝန်​ခံအရာရှိက ​ပြောကြားသည်။

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံ မဲဆောက်အပါအ၀င် သုံးမြို့နယ်သို့ သွားလာလည်ပတ်နိုင်သလို ထိုင်းနိုင်ငံသားများ အနေဖြင့်​လည်း မြန်​မာနိုင်​ငံ မြ၀တီခရိုင်​ဘက်​သို့ ခြောက်ညအိပ်​ ခုနစ်ရက် လာရောက် လည်ပတ်နိုင်​မည်​ဖြစ်​သည်​။

ထိုင်းနိုင်​ငံ ဘန်​​ကောက်​မြို့သို့ သွားရာလမ်းတွင်​ တာ့ခရိုင်​အထွက်​ စစ်​​ဆေး​ရေးဂိတ်​၌ အ​ထောက်​အထား ခိုင်လုံမှုမရှိသည့်​ မြန်​မာနိုင်​ငံသားများမှာ အဆိုပါဂိတ်​အား ဖြတ်​​ကျော်​သွားလာနိုင်​ခြင်း မရှိ​သော်​လည်း မြ၀တီ အထွက်​တွင်​ စနစ်​ကျပြီး အဂတိကင်းစင်သည့်​ လုံခြုံရေး စစ်​​ဆေး​ရေးဂိတ်​ မရှိသဖြင့်​ မလိုအလားအပ်​​သော  ပြဿနာများ ကြုံတွေ့လာရမည်​ကို စိုးရိမ်​​ကြောင်း ချစ်ကြည်ရေး တံတားတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ပြောကြားသည်။         

Writer: 

ရွှေသိန်း (မြ၀တီ)

No comments:

Post a Comment