Posted: November 12, 2016
အစိုးရနှင့်လွှတ်တော်ထဲတွင် နိုင်ငံရေး အကျဉ်းသားဟောင်း အများစုပါဝင်သည့် အတွက် အကျဉ်းထောင် ပြုပြင် ပြောင်းလဲရေး ကိစ္စများတွင် အားစိုက် လုပ်ဆောင်စေလိုကြောင်း နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ (FPPS)က ဗဟိုကော်မတီဝင် ဦင်္းထွန်းကြည်က The Ladies News သို့ပြောသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်။ အကျဉ်းထောင် အများစုတွင် သတ်မှတ်ထားသည့် အရေအတွက်ထက် ကျော်လွန်ကာ အကျဉ်းသား များနေပြီး နိုင်ငံရေး အကျဉ်းသားများနှင့် ရာဇ၀တ် အကျဉ်းသားများ ရောထားခြင်းများကြောင့် စိုရိမ်ဖွယ်ရာ အခြေအနေဖြစ် ကြောင်း ၄င်းကဆိုသည်။
ဦးထွန်းကြည်က “ အင်းစိန်ထောင်ကြီးရဲ့ လက်ခံနိုင်လောက်တဲ့ အကျဉ်းသား အရေအတွက်ထက်ကို သုံးလေးဆလောက် များနေတာကြီးက ဒီမိုကရေစီ အစိုးရ လက်ထက်မှာ မဖြစ်သင့်ဘူးလေ။ ဘယ်လောက်တောင်မှ ရာဇ၀တ်မှုတွေ ထူပြောပြီးတော့ တရားဥပဒေ စိုးမိုးမူတွေ ဘယ်လောက်တောင် မဲ့နေသလဲ ဥပဒေသက်ဝင် လှုပ်ရှားမှု မရှိဘူးဆိုတာကို ထောင်တွေကနေ သက်သေခံနေတယ်” ဟု ပြောသည်။
၎င်းက အနီးစပ်ဆုံးအနေဖြင့် အင်းစိန် အကျဉ်းထောင်တွင် အနည်းဆုံး အကျဉ်းသား ၃၀၀၀ မှ အများဆုံး ၅၀၀၀ အထိသာ ဆံ့သော်လည်း လက်ရှိအချိန်တွင် ၁ သောင်းကျော်နီးပါး ရောက်ရှိနေပြီဖြစ်ကြောင်း ဆက်လက်ပြောသည်။
အကျဉ်းသား များလာသည့်အတွက် အကျဉ်းသားများ အတန်းအစား ခွဲရမည်ဖြစ်သော်လည်း နိုင်ငံရေး အကျဉ်းသားများနှင့် ရာဇ၀တ် အကျဉ်းသားများ ရောထားခြင်းများ ရှိသည့်အတွက် နိုင်ငံရေး အကျဉ်းသားများ အတွက် စိုးရိမ်ရသည့် အခြေအနေများရှိနေကြောင်း ပြောသည်။
ထို့ကြောင့် အကျဉ်းထောင်များ ပြည်ထဲရေးဝန်ကြီးဌာန အောက်တွင် ရှိနေသမျှ ကာလပတ်လုံး လူ့အခွင့်အရေး ချိုးဖောက်မှု ဟန့်တားရန် ခက်ခဲမည်ဖြစ်ကြောင်း ဆိုသည်။ ၄င်းအတွက် အကျဉ်းဦးစီးဌာနအား တရားရေးဝန်ကြီးဌာန အောက်တွင် ပြန်ထားစေလိုကြောင်း ပြန်ထားနိုင်ရန် ဥပဒေများ ချက်ချင်း အကောင်အထည်ဖော်နိုင်ရန် လက်ရှိ နိုင်ငံရေး အကျဉ်းသားများဟောင်း အများစုပါဝင်သည့် အစိုးရနှင့် လွှတ်တော်မှာ တာဝန်ရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။
“ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာ အကျဉ်းဦးစီးဌာနမရှိဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုရင် အစိုးရမှာ တာဝန်ရှိသလို့ လွှတ်တော်ကလည်း ဒီကိစ္စကို ချက်ချင်း အကောင်အထည်ဖော် ဥပဒေတစ်ရပ် ပြဋ္ဌာန်းဖို့လိုတယ်။ အစိုးရနဲ့ လွှတ်တော်ကြားမှာ အပြန်အလှန် ထိန်းညှိမှုရှိရမယ်။ မဲဆန္ဒ ပြည်သူတွေနဲ့ လွှတ်တော်ကြားမှာလည်း အပြန်အလှန် ထိန်းညှိမှုရှိကမယ်။ လွှတ်တော်ကြီး အားကောင်းမှ ဒီမိုကရေစီ အားကောင်းမယ်ဆိုတာ အလေးအနက် ယုံကြည်တယ်။ လူ့အခွင့်အရေး ဘယ်လောက် ချိုးဖောက်နေသလဲ ဆိုတာကို ထောင်အသီးသီးမှာ အကျဉ်းသားတွေ များပြားနေခြင်းကကိုက ထင်ဟတ်ပေါ်လွင်စေတယ်”ဟု ဦးထွန်းကြည်က ပြောသည်။
The Ladies News
No comments:
Post a Comment