ဒေါ်နယ်ထရမ့် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အမေရိကန် မြို့ကြီးများတွင် ဆက်လက် အရှိန်ကောင်းနေဆဲ
နယူးယောက်၊ နိုဝင်ဘာ ၁၂
အမေရိကန်သမ္မတ ရွေးကောက်ပွဲ တွင် ရီပတ်ဘလစ်ကန်ပါတီမှ ဒေါ်နယ်ထရမ့် အနိုင်ရရှိသွားပြီးနောက် ‘ငါ့သမ္မတ မဟုတ်ဘူး’ ဟူသော ခေါင်းစဉ်ဖြင့် ၎င်းအား ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ရာ ယခုဆိုလျှင် အချိန်ကာလအားဖြင့် သုံးရက်ကျော်သွားပြီ ဖြစ်ကြောင်း၊ ဆန္ဒပြသူဦးရေလည်း သိသိသာသာ လျော့ကျသွားခြင်း မရှိသေးကြောင်း အမေရိကန် မီဒီယာများက ရေးသားဖော်ပြသည်။
သမ္မတ ရွေးကောက်ပွဲရလဒ်များ ပေါ်ထွက်လာပြီးနောက် အမေရိကန်ပြည်ထောင်စုရှိ မြို့ကြီးအတော်များများတွင် ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို တစ်ခဲနက် ပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြမှု အများစုကို မီယာမီ၊ အတ္တလန္တာ၊ ဖီလာဒဲဖီးယား၊ နယူးယောက်၊ ဆန်ဖန်စစ္စကို၊ ပို့သ်လန်၊ အော်ရီဂွန် အစရှိသည့် မြို့ကြီးများတွင် အဓိက ပြုလုပ်ခဲ့ပြီး လူထောင်ပေါင်းများစွာ ပါဝင်ခဲ့သည်။
ပို့သ်လန်မြို့တွင် ဆန္ဒပြသူများက လမ်းဆုံလမ်းခွများကို ပိတ်ဆို့ပြီး အဓိကရုဏ်း နှိမ်နင်းရေး ဝတ်စုံ ဝတ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင်များကို ခဲများဖြင့် ပစ်ပေါက်ခဲ့ရာ ရဲတပ်ဖွဲ့က ငရုတ်ကောင်းဖျန်းဆေးဖြင့် ပက်ဖျန်းကာ လူစုခွဲပစ်ခဲ့သည်။
ပို့သ်လန်ရှိ နေရာတစ်နေရာတွင် ရဲတပ်ဖွဲ့က အင်အားသုံးကာ လူအုပ်ကြီးကို ဟန့်တားခဲ့သလို ဆန္ဒပြသူ တစ်ဦးလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု NBC ရုပ်သံက ဆိုသည်။
လော့စ်အိန်ဂျယ်လိစ်မြို့တွင်မူ ဆန္ဒပြသူ ရာနှင့်ချီ၍ရှိပြီး လမ်းဆုံလမ်းခွ မီးပွိုင့်နေရာများကို ပိတ်ဆို့ထားခဲ့ပြီး “အခုရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတဆိုတဲ့သူကို ကျုပ်တို့ လက်မခံဘူး” “ဒီလမ်းမဟာ ဘယ်သူတွေရဲ့လမ်းတွေလဲ” “ငါတို့လမ်းတွေ” ဟု ဆိုကာ ဆန္ဒပြခဲ့ကြသည်။
မီယာမီမြို့တွင်မူ ညပိုင်းအချိန် ကာလ၌ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက အဝေးပြေး လမ်းမကြီးများပေါ်သို့ ဦးတည်သွားကာ ပိတ်ဆို့ဆန္ဒပြရန် ကြိုးပမ်းခဲ့ကြသည်။
နယူးယောက်မြို့တွင်မူ ဆန္ဒပြသူများက ဝါရှင်တန် စကွဲယားပန်းခြံနှင့် ထရမ့်တာဝါ (ဒေါ်နယ်ထရမ့် နေထိုင်သည့် တာဝါ) အနီး၌ စုဝေးကာ ဆန္ဒပြလျက်ရှိသည်။
အဆိုပါ ဆန္ဒပြမှုများနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်က “ဆန္ဒပြ အုပ်စုငယ်လေးတွေ ကျွန်တော်တို့ရဲ့ ဧရာမ တိုင်းပြည်ကြီးအတွက် စိတ်ခံစားချက် အပြည့်နဲ့ ဆန္ဒပြကြတာ အင်မတန်ချစ်ဖို့ ကောင်းတယ်ဗျာ။ ကျွန်တော်တို့တစ်တွေအားလုံး အတူတကွ ဂုဏ်ယူရတာပေါ့” ဟု ၎င်း၏ Twitter အကောင့်တွင် ဖော်ပြလိုက်သည်။
No comments:
Post a Comment