Tuesday, November 22, 2016

နိုင်ငံကူးလက်မှတ်နှင့် ကောင်စစ်ရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရန် မြန်မာနိုင်ငံသားများ လာရောက်ရာတွင် ကွာလာလမ်ပူမြို့ အဝေးပြေးဂိတ်၌ အငှားယာဉ်မောင်း အချို့၏ အုပ်စုဖွဲ့ အနိုင်ကျင့် လုယက်ခံရမှုများ ကြုံနေရကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအသိပေး

မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ် ကိစ္စနှင့် ကောင်စစ်ရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရန် လာရောက်ရာတွင် ကွာလာလမ်ပူမြို့ အဝေးပြေးဂိတ် အငှားယာဉ်မောင်း အချို့၏ အုပ်စုဖွဲ့အနိုင်ကျင့် လုယက်ခံရမှုများ ကြုံနေရကြောင်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုဝင်ဘာ ၂၁ ရက်တွင် အသိပေးချက် ထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံရှိ ရပ်ဝေးနေ မြန်မာနိုင်ငံသားများ အနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်ကိစ္စနှင့် ကောင်စစ်ရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရန် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ လာရောက်ရာတွင် ကွာလာလမ်ပူမြို့ အဝေးပြေးကားဂိတ် (TBS) သို့ နံနက်အစောပိုင်း၌ ရောက်ရှိစဉ် အငှားယာဉ်မောင်းအချို့၏ အုပ်စုဖွဲ့အနိုင်ကျင့် လုယက်ခံရမှုများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် ရပ်ဝေးနေ မြန်မာနိုင်ငံသားများ အနေဖြင့် ကွာလာလမ်ပူမြို့သို့ လာရောက်ကြရာတွင် ညပိုင်းထွက်ခွာသည့် ဘတ်စ်ကားများဖြင့် လာရောက်ခြင်း မပြုကြဘဲ နံနက်ပိုင်း ထွက်ခွာသည့် ဘတ်စ်ကားများဖြင့်သာ လာရောက်ကြပါရန် မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ထိုသို့ အုပ်စုဖွဲ့ အနိုင်ကျင့် လုယက်ခံနေရသည့်အတွက် နံနက်ပိုင်းထွက်ခွာသည့် ဘတ်စ်ကားများဖြင့် လာရောက်လျှင်လည်း သံရုံးသို့ မွန်းလွဲ ၂ နာရီအထိ နောက်ဆုံးထား ရောက်ရှိလာကြသူများအတွက် ရုံးလုပ်ငန်းများ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် သံရုံး၏လုံခြုံရေးအား တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ပြီး သံရုံးကောင်စစ် ၀င်းဂိတ်တံခါးအား နံနက်  ၈ နာရီမှသာ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သံရုံးအဆောက်အအုံ အတွင်းသို့ ရုံးကိစ္စဆောင်ရွက်မည့် ကာယကံရှင်များကိုသာ ၀င်ရောက် ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် အခြားမသက်ဆိုင်သူများအား သံရုံးဝင်း အတွင်းသို့ ၀င်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း အသိပေး ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် အထောက်အထားမဲ့ လျှောက်ထားလာ သူများကိုလည်း မြန်မာနိုင်ငံသား မှန်ကန်မှုရှိ၊ မရှိ စိစစ်ထုတ်ပေးနေပြီး သတ်တမ်းပြတ် မြန်မာနိုင်ငံကူး လက်မှတ်များကိုလည်း နိုင်ငံတော်က သတ်မှတ်ထားသည့် နှုန်းထားအသစ် သက်တမ်းပြတ် ဒဏ်ကြေး ၁၅ ဒေါ်လာဖြင့် ကောင်စစ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကောက်ခံဆောင်ရွက် ပေးနေကြောင်း သိရသည်။

 

Writer: 

ဖြိုးဝေ

No comments:

Post a Comment