Tuesday, November 22, 2016

ကော့သောင်းမြို့တွင် ပထမတန်း ကျောင်းသူအား အဓမ္မပြုကျင့်ခဲ့ကာ ရက်စက်စွာ သတ်ခဲ့သူများအား ဖမ်းဆီးရမိ


ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်း ကျေးရွာအုပ်စု ချောင်းဖျားကြီး ကျေးရွာတွင် ကိုးနှစ်အရွယ် ပထမတန်း ကျောင်းသူအား အဓမ္မပြုကျင့်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့သူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ချောင်းဖျားကြီး ကျေးရွာနေ ဦးအောင်ထွန်း (ခ) နောင်ဘိတ်မှာ နိုဝင်ဘာ ၁၇ ရက်က ရွာထဲမှ ဗီဒီယိုကြည့်ပြီး ပြန်လာစဉ် သမီးဖြစ်သူ မမြတ်သူဝင်းမှာ အိမ်တွင်မတွေ့ရှိ ရသောကြောင့် ဇနီးဖြစ်သူအား လိုက်လံရှာဖွေခိုင်းရာ မတွေ့ရသောကြောင့် ရွာသားများ အကူအညီဖြင့် လိုက်လံရှာဖွေကြရာ ရွာစွန် ဒေါ်.... ၏ နေအိမ် အနောက်ဘက် ၀ါးရုံတောများအနီး ပိန္နဲပင်အောက်တွင် အဓမ္မပြုကျင့်ခံရပြီး ရင်ဝ၊ ပါးစပ်၊ လည်ကုပ်၊ ၀ဲဘက်လည်ပင်းတို့တွင် ထိုးသွင်းဒဏ်ရာ၊ ၀ဲနားရွက်အောက် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ သွားရောက်စစ်ဆေးတော့ မသင်္ကာတဲ့သူတွေကို တွေ့တယ်။ ဒီအထဲက ခြံချင်းကပ်လျက် နေထိုင်တဲ့ မ၀င်းဝင်းထွေး (၁၄) နှစ် (ဘ) ဦးဝင်းညွန့် ဆိုသူကို ခေါ်မေးမြန်းတော့ အဲဒီကောင်မလေးက အကြောင်းစုံ ဖွင့်ပြောလိုက်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းတော့ ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖမ်းဆီးရမိခဲ့တာပါ။ နိုဝင်ဘာ ၂၀ ရက်မှာ အခင်းဖြစ်ပွားစဉ်က ပြစ်မှုကျူးလွန်တဲ့သူတွေ အားလုံးကို ဖမ်းဆီးရမိပါပြီ။ ဘာကြောင့် ဒီလိုပြစ်မှုမျိုး ကျူးလွန်လဲဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ မေးမြန်းတော့ အဲဒီလူတွေက မိန်းကလေးငယ်ရဲ့နားကပ်ကို အလွယ်တကူ လုယူလို့ ရမယ်ထင်လို့ လုပ်ကြတယ်။ ကော့သောင်းမှာလုပ်တဲ့ ဘုရားပွဲကို သွားချင်တော့ စရိတ်လိုအပ်နေလို့ ဒီလိုလုပ်ကြတာတဲ့။ နားကပ်လုတော့ မိန်းကလေးငယ်က အော်တော့ ပါးစပ်ထဲကို တုတ်အချွန် ထိုးသွင်းလိုက်ပြီး မုဒိန်းမှု ကျူးလွန်ခဲ့ကြတယ်လို့ ထွက်ဆိုထားတယ်။ အဲဒီလူတွေကလည်း တစ်ရွာတည်းက လူတွေပါပဲ” ဟု ကော့သောင်း မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါအမှုအား ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက စုံစမ်းမှု ပြုလုပ်ခဲ့ရာ အိမ်နီးချင်းများဖြစ်သည့် ဇင်မင်းထွေး၊ သာကြီး၊ ဦးဘီအီး ဆိုသူတို့က အုပ်စုလိုက် အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး မ၀င်းဝင်းထွေး (၁၄) နှစ်က ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

“ကော့သောင်း ဒေသခံတွေကြားမှာတော့ ဒီလိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အတော် မကျေနပ် ဖြစ်နေကြတယ်။ သက်ငယ်မုဒိမ်း မှုတွေကလည်း တစ်နိုင်ငံလုံးနီးပါးမှာ ဖြစ်နေတော့ ထိထိရောက် အရေးယူပြ စေချင်ပါတယ်” ဟု ကော့သောင်းဒေသခံ တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကော့သောင်းမြို့မ ရဲစခန်းက ဇင်မင်းထွေး၊ သာကြီး၊ မ၀င်းဝင်းထွေး၊ ဦးဘီအီးတို့အား (ပ) ၁၄၉၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။                                            

 

Writer: 

ဇော်မိုးဦး (မြိတ်)

No comments:

Post a Comment