Tuesday, November 22, 2016

လာမည့်ပညာသင်နှစ်တွင် ကျောင်းသုံးဖတ်စာအုပ်များ ပြင်ပတွင် ရောင်းချနေခြင်းများ ရှိ၊မရှိကို စိစစ်ဆောင်ရွက်မည်ဟုဆို


Posted: November 21, 2016

လာမည့် ပညာသင်နှစ်တွင် ကျောင်းသုံး ဖတ်စာအုပ်များအား ကျောင်းသား၊ ကျောင်းသူများ လက်ထဲသို့မရောက်မီ ပြင်ပတွင် ရောင်းချနေခြင်းများ ရှိ၊မရှိကို လေ့လာဆန်းစစ်၍ ကန်ထရိုက် ရယူထားသည့် ပုံနှိပ်လုပ်ငန်းများနှင့် ဆက်စပ်မှုရှိမရှိ စိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုဝင်ဘာ ၂၁ ရက် တွင်ပြောသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး က အခြေခံပညာ ပုံနှိပ်စာအုပ်များ ကျောင်းဖွင့်ချိန်အမီ မရရှိခြင်း၊ ကျောင်းသားဦးရေနှင့် အညီ မရရှိခြင်းတို့အတွက် မည်သူက တာဝန်ခံမည်နှင့် ကျောင်းသုံးဖတ်စာအုပ် အသစ်များသည် ကျောင်းသားများ လက်ထဲသို့ မရောက်ခင် ပြင်ပတွင် ရောင်းချနေခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့မှုကို ၀န်ကြီးက ဖြေကြားရာတွင် ယင်းသို့ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ထို့အတူ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ အားလုံးအတွက် ကျောင်းသုံး ဖတ်စာအုပ်များကို အခမဲ့ဖြန့်ဝေခဲ့သည်။ နိုင်ငံတော်မှ ကျောင်းဖွင့်ချိန်တွင် ကျောင်းသုံး ဖတ်စာအုပ်များကို အခမဲ့ထောက်ပံ့ ပေးလျက်ရှိ သော်လည်း ကျောင်းဖွင့်ချိန်မတိုင်မီ နွေရာသီကာလတွင် တက်ရောက်ရမည့် အတန်းအတွက် ကြိုတင် သင်ယူလေ့လာလိုသည့် ကျောင်းသား/ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူ အချို့တို့က ပြင်ပဈေးကွက်တွင် ကျောင်းချနေသော ကျောင်းသုံး ဖတ်စာအုပ်များကို ၀ယ်ယူခြင်းဖြစ်ကြောင်းလည်း ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့သည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: