Saturday, November 19, 2016

ဒေါ်လာဈေး မြင့်တက်မှု ဗဟိုဘဏ် ထိန်းကျောင်းရန်လိုကြောင်း ဘဏ်လုပ်ငန်းရှင်များ ပြောကြား

18-Nov-2016  tagged as 

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ငွေကြေးဈေးကွက်အတွင်း ဒေါ်လာ ငွေလဲနှုန်း မြင့်တက်လာမှုကိုဗဟိုဘဏ် အနေဖြင့် ဝင်ရောက် ထိန်းကျောင်းရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက သုံးသပ် ပြောကြားသည်။

ဒေါ်လာငွေလဲနှုန်းမှာ အောက်တိုဘာလ ဒုတိယပတ်မှ စတင်ကာ ဆက်တိုက် ဈေးမြင့်တက်လာပြီး နိုဝင်ဘာလ ၁၈ ရက် ပြင်ပ ဒေါ်လာငွေလဲနှုန်းမှာ ၁၃၁၈ ကျပ်နှင့် ပို့ကုန်ရငွေ ဒေါ်လာမှာ ၁၃၃ဝ ကျပ်အထိ ရောက်ရှိနေကြောင်း ပြင်ပဒေါ်လာ ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုဝင်ဘာ ၁၈ ရက် ဒေါ်လာ ရည်ညွှန်းနှုန်းမှာ  ၁၂၉၂ ကျပ်သာ ရှိပြီး ပြင်ပ ပေါက်ဈေးနှင့်  ၂၆ ကျပ် ကွာဟလျက် ရှိသည်။

“ဒီလိုတွေ ဖြစ်နေတာကို ဗဟိုဘဏ်က ဈေးကွက်ကို ထိန်းရမှာလေ။ သူတို့က ဈေးကွက်ကို ထိန်းရမယ့်အစား ဈေးကွက်ကို ဦးဆောင်ရမယ့်အစား ဈေးကွက် နောက်လိုက်ဖြစ်နေပြီ”ဟု ကမ္ဘောဇ ဘဏ်၏ အကြီးတန်း အကြံပေး အရာရှိ ဦးသန်းလွင်က ဆိုသည်။

ပြင်ပ ဒေါ်လာဈေးကွက်အတွင်း အမေရိကန် ဒေါ်လာ လည်ပတ်ငွေမှာ သန်း ၅ဝဝဝ မှ ၈ဝဝဝ အထိ ရှိနိုင်ပြီး ယင်း အခြေအနေကို ဗဟိုဘဏ် အနေဖြင့် ထိန်းကျောင်း ကိုင်တွယ်နိုင်ရန် လိုကြောင်း   ၎င်းက ဆိုသည်။ 

ကုန်သွယ်မှု လိုငွေမှာ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ အမေရိကန်ဒေါ်လာ  ၂၁ဝ၉ သန်းရှိနေပြီး လက်ရှိဘဏ္ဍာနှစ် ပြုပြင်ပြီး ဘတ်ဂျက်လိုငွေမှာလည်း ကျပ်ငွေ သန်းပေါင်းလေးသန်းကျော် (၄ဝ၂၅  ဘီလီယံကျပ်) အထိ ရှိမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး  ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ပြည်တွင်းဒေါ်လာ လိုအပ်ချက် မြင့်မားနေချိန်တွင် ကမ္ဘာ့နိုင်ငံခြား ငွေကြေး ဈေးကွက်တွင်လည်း ဒေါ်လာဈေးမာနေပြီး အညွှန်းကိန်းမှာ တောက်လျှောက်တက်နေကာ ၁၃ နှစ်အတွင်း ဒေါ်လာ အညွှန်းကိန်း အမြင့်ဆုံး အနေအထားသို့ ရောက်နေကြောင်း နိုင်ငံတကာ ငွေကြေးဈေးကွက်  ကျွမ်းကျင် ပညာရှင်များက သုံးသပ် ထားသည်။ 

ကမ္ဘာ့ဒေါ်လာ အညွှန်းကိန်းမှာ တစ်နှစ်အတွင်း အနိမ့်ဆုံးအဖြစ် ၉၁ ဒသမ ၉၁၉ ရှိခဲ့ပြီး နိုဝင်ဘာလ ၁၈ ရက်တွင် ၁ဝ၁ ဒသမ ၂ အထိ မြင့်တက်နေခြင်း ဖြစ်သည်။

ပြည်တွင်း ဒေါ်လာ ငွေလဲနှုန်းမှာလည်း ၂ဝ၁၆ ခုနှစ်အတွင်း အမြင့်ဆုံး စံချိန်တင်ကာ ၁၃၁၈ ကျပ်သို့ ရောက်ရှိနေပြီး လက်ရှိ အစိုးရလက်ထက် ဧပြီလက ဗဟိုဘဏ် ရည်ညွှန်းနှုန်းမှာ ၁၂၁ဝ ကျပ်မှ နိုဝင်ဘာလ ၁၈ ရက်တွင် ၁၂၉၂ ကျပ်၊ ရှစ်လအတွင်း ကျပ်ငွေ တန်ဖိုး ၆ ဒသမ ၇၈ ရာခိုင်နှုန်း ကျဆင်းသွားသည်။

ယခုနှစ်အတွင်း ပြင်ပဒေါ်လာငွေ လဲနှုန်း အနိမ့်ဆုံးအဖြစ် ဧပြီလ ၂၅ ရက်နေ့တွင် ၁၁၅၈ ကျပ်အထိရှိခဲ့ရာ လက်ရှိအစိုးရ လက်ထက်တွင် ပြင်ပငွေလဲနှုန်းအရ ကျပ်ငွေတန်ဖိုးမှာ ၁၄ ရာခိုင်နှုန်းအထိ  ကျဆင်းသွားသည်။  

No comments: