နေအိမ်ရှေ့ အင်းလာမြုပ်သည်ဟု ဆိုကာ ဓားဖြင့်ထိုးသတ်
------------------------------------------
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် ၁၂မိုင်ခန့် ကွာဝေးသည့် ကတ်တောင်ကျေးရွာအုပ်စု လားမိုင်းရွာတွင် ဇွန်လ ၆ ရက် နံနက် ၉ နာရီခန့်က နေအိမ်ရှေ့တွင် အောက်လမ်း အတတ်ပညာဖြင့် အင်း လာရောက်မြုပ်နှံသည်ဟုဆိုကာ အသက် ၆၀ နှစ်ခန့်အရွယ် အဘိုးအိုကို အသက် ၆၅ နှစ်အရွယ် အဘိုးအိုက ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။
"အိမ်ရှေ့မှာ ခဏခဏ အင်းလာမြုပ်လို့ သူ့မိန်းမက မကြာခဏ နေမကောင်းဖြစ်တယ်ဆိုပြီး သတ်လိုက်တာလို့ သိရတယ်။ သတ်တဲ့သူနဲ့ အသတ်ခံရတဲ့သူက နေအိမ် မျက်နှာချင်းဆိုင်ဖြစ်ပြီး ဓားရှည်နဲ့ ထိုးသတ်လိုက်တာ"ဟု ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းသန်းက ပြောကြားသည်။
အဆိုပါဖြစ်စဉ်တွင် အသက် ၆၀ နှစ်ခန့်အရွယ် ဦးစိုင်းကောက်သည် ဝဲဘက် ရင်အုံအောက်၌ ဓားဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးခဲ့ပြီး လူသတ်မှု ကျူးလွန်သည့် အသက် ၆၅ နှစ်အရွယ် အဘိုးအိုကို နာရီပိုင်းအတွင်း ရှာဖွေ ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်မှု ကျူးလွန်သူ ဦးစိုင်းနွန်းကို (ပ)၁၁၁/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။
ဓာတ်ပုံ - ရန်နိုင်
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment