Monday, March 14, 2016

NLD မှ တင်မြှောက်သည့် ဒုသမ္မတနှစ်ဦးအနက် ဦးထင်ကျော်သာ ပထမဦးစားပေးဟုဆို

NLD မှ တင်မြှောက်သည့် ဒုသမ္မတနှစ်ဦးအနက် ဦးထင်ကျော်သာ ပထမဦးစားပေးဟုဆို ------ ------ ------ ------ ------ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးချယ်တင်မြှောက်ထားသည့် ဒုသမ္မတနှစ်ဦးအနက် ဦးထင်ကျော်ကသာ ပထမဦးစားပေးဖြစ်မည်ဟု NLD ဗဟိုဥပဒေအထောက်အကူပြုကော်မတီဝင် ဦးကိုနီ က News Watch သို့ ပြောသည်။ (NLD) မှ ပြည်သူ့လွှတ်တော်တွင် ဦးထင်ကျော် နှင့် အမျိုးသားလွှတ်တော်တွင် ဦးဟင်နရီဗန်ထီးယူတို့အား သမ္မတလောင်းများအဖြစ် ရွေးချယ်တင်မြောက်ထားပြီး တပ်မတော်သားအစုအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ရွေးချယ်တင်မြောက်ထားခြင်းဖြစ်သည်။ “ကျွန်တော်နားလည်သလောက် ဦးထင်ကျော်ကို သမ္မတမျှော်မှန်းထားတာ ဖြစ်တဲ့အတွက် ဦးထင်ကျော်ကိုပဲ အားလုံး ပုံအောပြီးတော့ မဲကြမှာပါ။ ဦးဟင်နရီကတော့ ဒုသမ္မတ (၂)ပဲ ဖြစ်မှာပေါ့။ ဒီဟာက သိပ်အဓိက မကျပါဘူး။ ဒု-သမ္မတဆိုတာ သမ္မတမရှိတဲ့အခါ ခေတ္တယာယီ တာဝန်ထမ်းဆောင်ရတဲ့ အဆင့်ပဲရှိပါတယ်။ ဖွဲ့စည်းပုံမှာ ဒုသမ္မတရဲ့ လုပ်ပိုင်ခွင့်တာဝန်ဆိုတာ ပြဌာန်ထားတာ မရှိပါဘူး”ဟု ၎င်းက ပြောသည်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ် ၁၄ ရက်နေ့တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့တွင် သမ္မတရွေးချယ်ပွဲပြုလုပ်မည်ဖြစ်သည်။ လက်ရှိ ရွေးချယ်ထားသည့် ဒုသမ္မတ သုံးဦးအနက်မှ တဦးအားသမ္မတအဖြစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၌ မဲပေးရွေးချယ်မည် ဖြစ်သည်။ ယင်းမတိုင်မီ အဆိုပါသမ္မတလောင်းများအား နိုင်ငံတော် သမ္မတအရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတအရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်ရေးအဖွဲ့ကို ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ဥက္ကဌ )၊ ဦးမန်းဝင်းခိုင် (အမျိုးသားလွှတ်တော် ဥက္ကဌ )၊ဦးတီခွန်မြတ် (ပြည်သူ့လွှတ်တော် ဒု-ဥက္ကဌ) ဦးအေးသာအောင် (အမျိုးသားလွှတ်တော် ဒု-ဥက္ကဌ ) ဒေါက်တာမျိုးအောင် (NLD အမတ်)၊ ဦးဘမျိုးသိန်း (NLD အမတ်)နှင့် ဗိုလ်ချုပ်သန်းစိုး (တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်) စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့စည်းထားသည်။ “သမ္မတအရည်အချင်းသတ်မှတ်ချက် (၇) ချက် သတ်မှတ်ထားတယ်။ အဲဒီ ၇ ခုထဲမှာ မလိုအပ်ဘဲ သတ်မှတ်ထားတဲ့ အချက်တွေ ပါနေတာတွေ့ရတယ်။ စိစစ်လို့ မရတဲ့ ကိစ္စမှာ စစ်ရေးအမြင်ဆိုရင် အဲဒီစစ်ရေးအမြင်ရှိတယ်၊ မရှိဘူးဆိုတာ ဘယ်လိုပေတံနဲ့ တိုင်းမှာလဲ။ စီးပွါးရေးအမြင်ရှိ မရှိဆိုတာမျိုးကို စစ်မဲ့သူ ဘယ်သူလဲ။ သူကအဲဒီလို ဆုံးဖြတ်ပေးရလောက်အောင် သူကရော တတ်ရဲ့လား။ သူ့မှာကော အမြင်ရှိရဲ့လား စသဖြင့်ပေါ့။ အဲလို တချို့ အရည်အချင်းသတ်မှတ်ချက်တွေမှာ စစ်ရေးအမြင်၊ စီးပွါးရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ နိုင်ငံရေးအမြင်ဆိုတဲ့ အချက်တွေမှာ လူတယောက်က အဲဒါတွေ အားလုံးရှိဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ဘူး။ ဒီလို သတ်မှတ်ချက်မျိုးဟာ ဘယ်နိုင်ငံမှာမှလည်း မရှိဘူး။ တိုင်းတာလို့မရတဲ့ စံနှုန်း၊ သတ်မှတ်ချက်တွေ ဖြစ်နေတယ်” ဟု ဦးကိုနီကပြောသည်။ လင်းလင်းအောင်

No comments: