မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, March 14, 2016
ဆင်နင်း၍ သေဆုံးသည့် မြန်မာဆင်ထိန်း ဘတ်ငွေ ငါးသောင်းဖြင့် ကျေအေးလိုက်ရ
ဆင်နင်း၍ သေဆုံးသည့် မြန်မာဆင်ထိန်း ဘတ်ငွေ ငါးသောင်းဖြင့် ကျေအေးလိုက်ရ
ဧရာဝတီ
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ထဲမှာ ဖွင့်ထားတဲ့ မယ်တန်ဒေသက (Elephant Nature Park) ဆင်စခန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာ နိုင်ငံသား အန်ထော်နီဆိုတဲ့ ဆင်ထိန်းတဦးဟာ မတ်လ ၁၁ ရက်နေ့က ဆင်နင်းခံရပြီး သေဆုံးခဲ့ပါတယ်။
သေဆုံးသူ အန်ထော်နီဟာ မယ်တန်ဆင်စခန်းထဲက ဒုက္ခိတဆင်တကောင်ကို အစားကျွေးနေတဲ့အချိန်မှာပဲ အဲဒီဆင်ရဲ့ နင်းခြင်းကို ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။ အန်ထော်နီဟာ ဆင်အစာ ကျွေးတဲ့အလုပ်ကို လုပ်ကိုင်နေတာ ၅ ရက် ပဲ ရှိသေးတာဖြစ်လို့ ဆင်ရဲ့ အခြေအနေတွေကို နားလည်မှု မရှိသေးသူဖြစ်တယ်လို့ သူရဲ့ လုပ်ဖော်ကိုင်ဖက် တချို့က ပြော ပါတယ်။
ချင်းမိုင်မြို့ရဲ့ နေ့စဉ်ထုတ် သတင်းစာဖြစ်တဲ့ Citylife Chiang Mai မှာ ဖော်ပြထားတာကတော့ သေဆုံးသူ အန်ထော်နီဟာ အလုပ်သမား လက်မှတ်ရှိတဲ့ တရားဝင် အလုပ်သမား မဟုတ်ကြောင်း၊ သူ့ရဲ့ မိတ်ဆွေ ဆင်ထိန်းတွေနဲ့အတူ ဆင်စခန်းမှာ တရားမဝင် လုပ်ကိုင်နေတာ ဖြစ်ကြောင်း၊ ရန်မှုတဲ့ ဆင်မဟာ စိတ်ဖောက်ပြန်နေတဲ့အတွက် ဆင်းထိန်းများက ပြန်လည် ကောင်း မွန်လာအောင် ပြုစုစောင့်ရှောက်နေရတဲ့ ဆင်ဖြစ်ကြောင်း ရေးသားထားပါတယ်။
သေဆုံးသူကို သင်္ဂြိုဟ်စရိတ်အပါအဝင် နစ်နာကြေးအဖြစ် ဆင်စခန်းပိုင်ရှင်က ထိုင်းဘတ်ငွေ ၅ သောင်း ( မြန်မာငွေ ၁၇ သိန်းကျော်) ဖြင့် ကျေအေးခိုင်းစေတဲ့အပြင် အန်ထော်နီ သေဆုံးမှုနှင့် ပတ်သက်၍ ဆင်စခန်း တာဝန်ရှိသူများနှင့် အလုပ်သမားများကိုလည်း သတင်းမပေါက်ကြားစေဖို့ နုတ်ပိတ်ထားခိုင်းထားတယ်လို့ သိရပါတယ်။
သေဆုံးသူ မောင်အန်ထော်နီဟာ မြန်မာနိုင်ငံ ကယားပြည်နယ်မှ ကရင်နီ အမျိုးအနွယ်ဝင် ( ပရဲ့ )လူမျိုးဖြစ်ပြီး ညီဖြစ်သူ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ ဆင်စခန်းကို မကြာသေးခင်က ရောက်လာတာ ဖြစ်ပါတယ်။ (Elephant Nature Park) ဆင်စခန်းဟာ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ နေ့စဉ် သွားရောက်လည်ပတ်ကြတဲ့ နာမည်ကြီး ဆင်စခန်းထဲမှာ ပါဝင်ပြီး အဲဒီစခန်းထဲက ဆင်ထိန်းအများစုဟာ မြန်မာတိုင်းရင်းသားတွေ ဖြစ်ပါတယ်။
ငြိမ်းဇော် / ဧရာဝတီ
No comments:
Post a Comment