Wednesday, February 10, 2016

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးအေးသာအောင်ကို ရွေးချယ်

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးအေးသာအောင်ကို ရွေးချယ် --------------------------------------------------------- နေပြည်တော်၊ ဖေဖော်ဝါရီ ၉ ပြည်ထောင်စုလွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများ ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲ ပြဋ္ဌာန်းခြင်းတို့အတွက် အရေးပါသော ဥပဒေကြမ်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသော ဦးအေးသာအောင်ကိုရွေးချယ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောကြားသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင်များ၏ အမည်စာရင်းကို တင်ပြရာတွင် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး လက်ရှိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးအေးသာအောင်က ဥပဒေကြမ်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆) ကိုယ်စားလှယ် ဦးဇော်မင်းသည် ဒုတိယဥက္ကဋ္ဌ (၁)အဖြစ်လည်းကောင်း ရွေးချယ်ကြောင်း ဦးမန်းဝင်းခိုင်သန်းကပြောသည်။ အဆိုပါ ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်ကိုလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသ မဲဆန္ဒနယ် အမှတ် (၃)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးကိုလည်းကောင်း ရွေးချယ်ထားကြောင်း ၄င်းကဆိုသည်။ အဆိုပါ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ရှိ ဥပဒေကြမ်းကော်မတီများကို ပေါင်းစည်းဖွဲ့စည်းခြင်းဖြစ်ပြီး ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များစားရင်းကို ဖေဖော်ဝါရီလ ၁ဝရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

No comments: