Thursday, February 11, 2016

ကျောက်စိမ်းလုပ်ငန်းသုံး ယာဉ်များ ဖားကန့်မြို့ပေါ်တွင် ဖြတ်သန်းသွားလာခြင်း မပြုရန် ဒေသခံများက လမ်းပိတ်ဆန္ဒပြမည် ------- -------- --------

ကျောက်စိမ်းလုပ်ငန်းသုံး ယာဉ်များ ဖားကန့်မြို့ပေါ်တွင် ဖြတ်သန်းသွားလာခြင်း မပြုရန် ဒေသခံများက လမ်းပိတ်ဆန္ဒပြမည် ------- -------- -------- ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသတွင် ကျောက်စိမ်းကုမ္ပဏီများ၏ မြေစာပုံ စွန့်ပစ်သည့် ကားများကို ဖေဖော်ဝါရီ ၁၂ ရက် မှစတင်၍ ဒေသခံများက ဖြတ်သန်းခွင့် မပြုတော့ဘဲ လမ်းပိတ်ထားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက် က လုံးခင်းမြို့တွင် ပြုလုပ်သည့် လူထုအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။ စွန့်ပစ်မြေစာပုံများ မကြာခဏ ပြိုကျနေသည်ကို မည်သို့ဖြေရှင်းမည်နှင့် ပတ်သက်၍ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက လာရောက် ဆွေးနွေးညှိနှိုင်းသည်အထိ လမ်းများ ပိတ်ဆို့သွားမည် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “လူထုတွေအားလုံးကို ခေါ်ပြီး မြေစာသယ်ကားကို တားဖို့ အစည်းအဝေး လုပ်တယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာ မြေစာသယ်ကားတွေကို တားဖို့ ဆုံးဖြတ်ထားတယ် ၊ ကုမ္ပဏီက မြေစာသယ်ကားတွေ စွန့်ပစ်ထားတာကို ပြန်ရှင်းပေးဖို့ ၊ လမ်းပိတ်လို့ သူတို့ လာညှိနှိုင်းရင် စွန့်ပစ်ထားတဲ့မြေစာပုံ တွေကို ရှင်းခိုင်းဖို့ အစည်းအဝေးမှာ တိုင်ပင်ထားတယ်” ဟု ဒေသခံ ဦးလတောင်က The Ladies သို့ ပြောသည်။ လုံးခင်းအထက်တွင် ပုံထားသည့် မြေစာပုံမှာ အမြင့်ကြီး ဖြစ်နေပြီဖြစ်ပြီး အက်လည်းအက်နေခြင်းကြောင့် ယခုနှစ် မိုးတွင်းတွင် မြေစာပုံကြောင့် မြစ်ချောင်းဘေးရှိ ပြည်သူများ ဒုက္ခရောက်နိုင်ခြင်းကြောင့် ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပေးရန် အရေးကြီးသည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။ “နှစ်တိုင်းနှစ်တိုင်း ကျွန်တော်တို့ ခံနေရတယ် သက်ဆိုင်ရာကလည်း ပြည်သူဘက် မရပ်တည်ဘဲနဲ့ ကုမ္ပဏီဘက်ပဲ ရပ်တည်ပြီး ပြောနေတယ်၊ ကျွန်တော်တို့အတွက် ဘာမှဖြေရှင်းပေးတာလဲ မရှိဘူး ။ တစ်ယောက်ကို တစ်ယောက် တာဝန်ယူတာတို့ တာဝန်ခံတာတို့ မရှိဘူး၊ မရှင်းပေးလို့ ရှိရင် လုံးခင်းအတွက် ပြဿနာတွေကလည်း မလွယ်တော့ဘူးလေ။ အဲ့ဒါ ရှင်းခိုင်းမလို့ ဆိုပြီးတော့ တိုင်ပင်ထားကြတယ်” ဟု ဒေသခံဦးလတောင်က ပြောသည်။ လုံခင်းမြို့တွင် ပြုလုပ်ခဲ့သည့် လူထုအစည်းအဝေးသို့ အနီအနားရွာများမှ ဒေသခံ ၃၀၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။ ဖားကန့် ကျောက်စိမ်းဒေသတွင် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီပေါင်း ၈၀၀ ကျော် ရှိပြီး ဧက နှစ်သောင်းကျော်ကို လုပ်ပိုင်ခွင့် ချပေးထားကြောင်း ပြည်ထောင်စု လွှတ်တော်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက သတ္ထုတွင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းအောင်က ပြောဆိုခဲ့ဖူးသည်။ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံများမှာ မကြာခဏ ပြိုကျမှု ဖြစ်ပေါ်လေ့ရှိပြီး လူအများအပြား သေဆုံးမှုများလည်း ရှိခဲ့သည်။ ဖားကန့်ဒေသအတွင်းသို့ မြေသယ်ယာဉ်နှင့် ကျောက်စိမ်း လုပ်ငန်းသုံးယာဉ်များ အမြောက်မြား ၀င်ရောက်လာခဲ့သည့် နောက်ပိုင်း ယာဉ်တိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုများကြောင့် ဒေသခံများက ဒီဇင်ဘာလအတွင်းက ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ ဖားကန့်ဒေသအတွင်းသို့ ယာဉ်ဝင်ရောက်မှု အခြေအနေကို အစိုးရအဖွဲ့မှ လာရောက် စစ်ဆေးပြီး နောက်ပိုင်း ဖားကန့်ဒေသတွင် ကျောက်စိမ်းလုပ်ငန်းသုံး ယာဉ်များ ပြန်လည် များပြားလာကြောင်း ဒေသခံများမှ ပြောဆိုသည်ဟု သတင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။ သတင်း - ဇော်မင်းထွန်း The Ladies News

No comments: