Tuesday, February 9, 2016

လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့သည့် သုံးတန်းကျောင်းသူ ကလေးငယ် သေဆုံးမှုဖြစ်စဉ်မှာ ဖျားရာမှတဆင့် အာသီးတွင် ပြည်တည်ပြီး နောက်ဆက်တွဲ နှလုံးရောင်ကာ သေဆုံးခြင်းဖြစ်ကြောင်း ရန်ကုန်ကလေး ဆေးရုံအုပ်ကြီး ပြောကြား

လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့သည့် သုံးတန်းကျောင်းသူ ကလေးငယ် သေဆုံးမှုဖြစ်စဉ်မှာ ဖျားရာမှတဆင့် အာသီးတွင် ပြည်တည်ပြီး နောက်ဆက်တွဲ နှလုံးရောင်ကာ သေဆုံးခြင်းဖြစ်ကြောင်း ရန်ကုန်ကလေး ဆေးရုံအုပ်ကြီး ပြောကြား

လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့သည့် လှည်းကူးမြို့နယ်နေ အသက်ကိုးနှစ်အရွယ် သုံးတန်းကျောင်းသူ မအိမြတ်မွန် သေဆုံးမှုဖြစ်စဉ်မှာ ဖျားနာရာမှတဆင့် အာသီးတွင် ပြည်တည်ပြီး နောက်ဆက်တွဲ နှလုံးရောင်ကာ သေဆုံးခြင်းဖြစ်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေး၏ ပြောကြားချက်အရ သိရသည်။

"ရန်ကုန်ကလေးဆေးရုံကြီးမှ တာဝန်ကျဆရာဝန်၊ ဆရာဝန်မများရဲ့ လူမဆန်သည့် လုပ်ရပ်ကြောင့် မသေသင့်ပဲ သေခဲ့ရသည့် အသက်ကိုးနှစ်အရွယ် သုံးတန်းကျောင်းသူလေး မအိမြတ်မွန်" ခေါင်းစဉ်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၉ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့မှုများ ဖြစ်ပေါ်ခဲ့ပြီး တစ်ဦးမှ တစ်ဦးသို့ ဖြန့်ဝေမှုများလည်း အများအပြား ရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးထံ သွားရောက်မေးမြန်းခဲ့ရာ "လူနာရောက်တဲ့အချိန်မှာ ဖျားပြီးချောင်းဆိုးပြီး ရောက်လာတယ်။ စစ်ဆေးမှုတွေ အကုန်လုပ်တော့ အာသီးနားတ၀ိုက်မှာ ပြည်တည်တာကိုတွေ့တယ်။ အာသီးရောင်တဲ့ ရောဂါအနေနဲ့ ကုပေးတယ်။ ကုနေရင်း ငါးရက်မြောက်နေ့မှာ သူ့ရဲ့နှလုံးက ခုန်တာနှေးလာတယ်။ အစကတည်းက တာဝန်ခံ ဆရာဝန်ကြီးတွေအားလုံး ကြည့်ပေးထားတယ်။ ရောဂါအရဆိုရင် အာသီးရောင်ရော ဂါကဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်ဆက်တွဲဖြစ်စဉ်အရ နှလုံးရောင်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကာလမှာ နှလုံးခုန်တာ နှေးလာတော့ ကျွန်မတို့ဘက်က စဉ်းစားစရာက ကျွန်မတို့ဆီမှာ လောလောဆယ် ဆုံဆို့နာ လူနာတွေလည်း များတယ်။ ဆုံဆို့နာ လူနာတွေမှာလည်း နှလုံးရောင်တာမျိုးလည်း ရှိတတ်တယ်။  နှလုံးရောင်တဲ့ ရောဂါဖြစ်လာရင် နှလုံးက ခုန်တာမမှန်တော့ဘူး။ ဒီကလေးက နှလုံးခုန်တာ မမှန်ရာကနေ ပြီးတော့မှ ရောဂါကြောင့် ဆုံးတာပါ။ ကျွန်မတို့ ဆေးကုသတဲ့ဘက်က ဘက်တီးရီးယားပိုး အတွက်ကော၊ ဗိုင်းရပ်စ်ပိုးအတွက်ပါ ပဋိဇီဝဆေး ပေးပြီးသားပါ။ ဖြစ်နိုင်တဲ့ ဆုံဆို့နာ အတွက်လည်း Diphtheria Antitoxin ပေးထားတယ်။ လူနာရှင်ကိုလည်း အကြိမ်ကြိမ် ရှင်းပြပါတယ်။ ဒါပေမယ့် လူနာရှင်ကလည်း ဒီကြားထဲမှာ  ပြန်ချင်တယ်ဆိုပြီး မကြာခဏပြောတော့ ဆရာဝန်တွေကလည်း ရောဂါအကြောင်း ရှင်းပြပါတယ်။ ကလေးရဲ့ နှလုံးက ရောင်နေတဲ့အတွက် ခေါ်သွားရင် အချိန်မရွေး သေနိုင်တယ်လို့ ရှင်းပြပါတယ်။ နောက်ကျတော့ ကလေးက ၈ ရက်နေ့ ညနေကျတော့ နှလုံးအလုပ် မလုပ်လို့ ဝေဒနာပြင်းထန်လာတယ်။ ဖျားနာဆောင် (၁) က အထူးကုတွေရော၊ ICU ဘက်က အထူးကုတွေရော လာကြည့်ပေးပါတယ်။ ဒါပေမယ့် ကလေးကတော့ ဆုံးသွားတယ်။ ဆုံးသွားတဲ့နောက်မှာ ပြန်ခေါ်သွားချင်တယ်လို့ ငိုယိုပြီးပြောတဲ့ အတွက် ကျွန်မတို့ဘက်က လိုက်လျော ပေးခဲ့တာပါ" ဟု ပြောကြားခဲ့သည်။

ဆုံဆို့နာရောဂါသည် ကူးစက်ရောဂါများတွင် ပါဝင်နေခြင်းကြောင့် ဆေးရုံကြီးအနေဖြင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံ အကြောင်းကြားရကြောင်း၊ ထိုမှတဆင့် မြို့နယ်တာဝန်ခံများနှင့် တာဝန်ကျ ဆရာမများက ကိုယ်ပိုင်ရပ်ကွက်များတွင် ရှိသည့် ဆုံဆို့နာလူနာများ၏ အိမ်သို့သွားရောက် ကြည့်ရှုခဲ့ပြီး ကာကွယ်ဆေး ထိုးထားခြင်း ရှိ မရှိ၊ ပတ်ဝန်းကျင်သို့ ကူးစက်နိုင်ခြေ ရှိ မရှိ သွားရောက်ကြည့်ရှုခြင်း ဖြစ်ကြောင်းနှင့် ကျန်းမာရေး ၀န်ထမ်းများက သေဆုံးသွားသည့်ကလေး နေအိမ်သို့ သွားရောက်ခြင်းအပေါ် လူနာရှင်များဘက်မှ ထင်မြင်ချက် လွဲမှားသွားခြင်းသာ ဖြစ်နိုင်ကြောင်းလည်း ဆေးရုံအုပ်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

"လူနာအနေနဲ့က ဆေးရုံမှာ ဘာမေးမြန်းချက်၊ ဖြေရှင်းချက်မှ မတောင်းဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကုသရေး ဦးစီးဌာနကိုလည်း ဖြေရှင်းခဲ့ပြီး ဖြစ်ပါတယ်။ ဖြစ်စဉ်အကျဉ်းချုပ်ကို ပြောရရင်တော့ လူနာက ဖျားပြီး အာသီးမှာ ပြည်တည်တယ်။ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ နှလုံးရောင်ပြီး ဆုံးသွားတာပါ။ ကျွန်မတို့ ကလေးဆေးရုံ အနေနဲ့ တက်ရောက်လာတဲ့ လူနာတွေကိုရှိတဲ့ ၀န်ထမ်းအင်အားနဲ့ စေတနာထားပြီး အစွမ်းကုန် ကုသပေးနေပါတယ်။ အချိန်မရွေးလာရောက် လေ့လာနိုင်ပါတယ်" ဟု ဒေါက်တာစုစုဒွေးက ထပ်မံပြောကြားခဲ့သည်။

အဆိုပါကလေးငယ်မှာ ရန်ကုန်ကလေးဆေးရုံကြီး၊ ဖျားနာကုသဆောင် အမှတ် (၁) သို့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖျားနာ လူနာအဖြစ် ရောက်ရှိလာခဲ့ကြောင်း၊ ဖေဖော်ဝါရီ ငါးရက်နေ့တွင် နှလုံးစတင်ရောင်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေပိုင်းတွင် နှလုံးအလုပ် မလုပ်ဘဲ (Complete Heart Block) ဖြစ်ပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး၏ ပြောကြားချက်အရ သိရသည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သော "ရန်ကုန် (ကလေးဆေးရုံကြီး) မှ တာဝန်ကျဆရာဝန် ဆရာဝန်မများရဲ့ လူမဆန်တဲ့ လုပ်ရပ်ကြောင့် မသေသင့်ပဲ သေခဲ့ရတဲ့ အသက် (၉) နှစ်အရွယ် သုံးတန်းကျောင်းသူလေး မအိမြတ်မွန်" ခေါင်းစဉ်ပါ အကြောင်းအရာတွင် " (၇ - ၁ -၂၀၁၆) ရက်နေ့ တွင် အသက် (၉) နှစ်အရွယ် သုံးတန်းကျောင်းသူလေး မအိမြတ်မွန်ဟာ ချွဲကြပ်ပြီး အသက်ရှူမ၀ဟု ဆိုသဖြင့် ရန်ကုန်ကလေး ဆေးရုံကြီးသို့ တတ်ရောက် ကုသခဲ့သည်။ မိဘနှစ်ပါးမှာ လှည်းကူးမြို့ ပျင်ထောင်စုရပ်ကွက် ကျွန်းကလေးကျေးရွာမှာ နေထိုင်ကြပါတယ်။ ကလေးဆေးရုံကြီးမှာ တတ်ရောက်စဉ် ကာလအတွင်း ကလေးဘာဖြစ်တယ်၊ ဘာရောဂါ ဆိုတာကို မိဘများက မေးသော်လည်း ဆရာဝန်များမှ ဘာရောဂါ ဖြစ်သည် ဆိုတာကို မပြောခဲ့ပေ။ မိဘများမှ စိတ်ပူပြီး ဆရာဝန်မများကို မေးသည့်အခါတွင်တော့ ကလေးက အချိန်မရွေး သေမှာဟုသာ ဖြေကြားသည်ဟု မိဘများကဆိုသည်။ (၇ - ၂ -၂၀၁၆) (၇) ရက်နေ့ ည (၈) နာရီအချိန်တွင် ကလေးမှာ နေမထိ ထိုင်မသာဖြစ်ပြီး လူးလိမ့်ရာမှ ဆေးသွင်းထားတဲ့ပိုက်တွေ အကုန်ပြုတ်ကုန်လို့ဆရာမများကို သွားခေါ်ပြရာမှ  ဆရာမများ ရောက်လာပြီး ဘာမှမဖြစ်ပါဘူး ဟုဆိုကာ ပိုက်ပြန်တတ်ပြီး ပြန်ထွက်သွားသည် ဟုဆိုသည်။ ဆရာမများ ထွက်သွားပြီး မကြာခင်မှာပင် ကလေးမှာ အသက်ဆုံးသွားသည်ဟု မိဘများကဆိုသည်။ (၈ -၂ -၂၀၁၆) (၈) ရက်နေ့ မနက် (၈) နာရီလောက်တွင် အလောင်းကို သယ်ရန်အတွက် မိဘဖြစ်သူများမှ ဆရာမတို့ ဘယ်လိုအကူအညီ ပေးနိုင်မလဲဟု မေးသောအခါ၊ ဆရာမများမှာ ဒီမှာထားခဲ့မလား သယ်မလားဟု မေးသည်။ နေရပ်ကိုပဲ ပြန်သယ်ချင်ပါတယ်ဟု မိဘများက ပြောသောအခါ ဒါဆိုလက်မှတ်ထိုးဟု ဆရာမက လတ်မှတ်ထိုးခိုင်းပါတယ်။ နောက်ပြီး ဆရာမက ရှေ့အပေါက်က မထွက်နဲ့  ဟုဆိုကာ အရေးပေါ် လူနာများ သယ်ဆောင်သည့် နောက်ဘက်အပေါက်မှ ထွက်ခိုင်းသည်ဟု ဆိုသည်။ လူနာမှတ်တမ်း ဆေးစာအုပ် ဘာတခုမှ လူနာမိဘများထံကို ပြန်မပေးလိုက်ပါ။ (၈) ရက်နေ့ နေလည် (၂ ) နာရီလောက်တွင် မိဘများရှိရာ နေအိမ်လှည်းကူးသို့ နယ်မှ ဆရာဝန် ဆရာမများ ရောက်လာပြီး ဒီလူနာကို ဆေးရုံက ဆရာဝန်က မဆင်းခိုင်းပဲ ကိုယ်သဘောနဲ့ ဆင်းသွားတယ်လို့ အထက်က အကြောင်းကြားလို့ လာတာပါ ဟုဆိုကာ လူနာမိဘများကို ပြောပြီးလူနာ အခြေအနေ သက်သာလားဟု မေးသည်။ မိဘများမှ ဆရာဝန်မှ သေပြီပြောသဖြင့် လက်မှတ်ထိုးပြီး ဆင်းလာခဲ့တဲ့အကြောင်း ပြန်ပြောပြသည်။ ဆရာဝန်များမှ အလောင်းကို ဓာတ်ပုံရိုက်ပြီး ယူသွားသည်ဟု မိဘများက ပြောသည်။ ယခု မအိမြတ်မွန်၏ အလောင်းခန္ဓာကိုယ်မှ အမည်းကွက်များ နေရာအနှံ့ ပေါ်ထွက်နေသည်ဟု သိရပါသည်။ မိဘများမှ ရိုးသားလွန်းတဲ့အတွက် ဘာမှ မသိနားမလည် ကြပါဘူး။ (၉) နှစ်သမီးလေးသာ ရှိသေးတဲ့ သုံးတန်းကျောင်းသူ မအိမြတ်မွန်အတွက် မိဘများမှာ စိတ်မကောင်း ၀မ်းနည်းယုံမှတပါး အခြားမရှိ ဖြစ်နေပါသည်။ တာဝန်ရှိကြတဲ့ ဌာနဆိုင်ရာ လူကြီးများ ကလေးဆေးရုံးကြီးမှာ တာဝန်ထမ်းဆောင် နေကြတဲ့ အခုလို လူမဆန်တဲ့ သားသမီးချင်း ကိုယ်ချင်းမစာတဲ့ ဆရာဝန်ယုတ်တွေကို စစ်ဆေးအရေးယူ ပေးကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ။" ဟု ဖော်ပြထားပါသည်။

■ အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့သည့် လှည်းကူးမြို့နယ်နေ အသက်ကိုးနှစ်အရွယ် သုံးတန်းကျောင်းသူ မအိမြတ်မွန် သေဆုံးမှုဖြစ်စဉ်မှာ ဖျားနာရာမှတဆင့် အာသီးတွင် ပြည်တည်ပြီး နောက်ဆက်တွဲ နှလုံးရောင်ကာ သေဆုံးခြင်းဖြစ်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေး၏ ပြောကြားချက်အရ သိရသည်

No comments:

Post a Comment