ရွှေတိဂုံစေတီပေါ်တွင် အပူဇော်ခံထားသည့် ဗုဒ္ဓအရိုးဓာတ်တော်ကို ဇန်နဝါရီ ၂၉ ရက်နေ့ အိန္ဒိယသို့ ပြန်လည် ပင့်ဆောင်မည်
-------- -------- ---------
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံ ရောက်ရှိနေသော တိဗက်ဒေသမှ နှစ်ပေါင်း ၂၀၀၀ ကျော်ရှိ ဗုဒ္ဓ၏ အရိုး (ဓာတ်တော်)ကို ဇန်နဝါရီလ ၂၉ ရက်နေ့ တွင် အိန္ဒိယနိုင်ငံသို့ ပြန်လည် ပင့်ဆောင်မည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် အကျိုးဆောင်အဖွဲ့မှ သိရှိရသည်။
အဆိုပါဗုဒ္ဓ၏ ဓာတ်တော်သည် သီတဂူ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးသို့ တိဗက်ဒေသမှ ဘုန်းတော်ကြီးများ ပင့်ဆောင်လာခြင်းဖြစ်ပြီး ၊ ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ရွှေတိဂုံစေတီတော်သို့ အပူဇော်ခံ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
“ဘယ်နိုင်ငံကိုမှ မပင့်ဆောင်ဖူးဘူး။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ထွန်းကားတယ်။ သူတို့နဲ့လည်း နီးစပ်တယ် ဆိုပြီးတော့ ဒီနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ ဖူးမြော်နိုင်အောင် သီတဂူ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံ ဆွေးနွေးပွဲကို ပင့်ဆောင်လာတာ ဖြစ်တယ်” ဟု ရွှေတိဂုံစေတီတော် အကျိုးဆောင်အဖွဲ့မှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဇော်မင်းက ပြောသည်။
ဗုဒ္ဓ ဓာတ်တော်ကို မြန်မာနိုင်ငံမှ ပြည်သူများ ဖူးမြော်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး သီတဂူ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံမှ တစ်ဆင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး တောင်ငူ၊ အုတ်ဖိုမြို့နယ်များမှ ရန်ကုန်တိုင်းဒေသကြီး ရွှေတိဂုံစေတီတော်သို့ နောက်ဆုံးအကြိမ်အဖြစ် ပင့်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။
“ဓာတ်တော် ပင့်လာမယ်ဆိုလို့ စောင့်နေတာ ၊ နေ့လယ် ၁ နာရီလောက် ကတည်းကပါ။ လူက အရမ်းများတော့ ဖူးမြော်ရဖို့ တော်တော်လေး စိတ်ရှည်ရှည် စောင့်လိုက်ရတယ်။ ညပိုင်းလောက် လာရင်တော့ အေးအေးဆေးဆေး ဖူးမြော်နိုင်မှာပါ” ဟု ရွှေတိဂုံစေတီတော်သို့ ဗုဒ္ဓဓာတ်တော်အား ဖူးမြော်ရန် ရောက်ရှိလာသူ တစ်ဦးက ပြောသည်။
နှစ်ပေါင်း ၂၀၀၀ ကျော်ရှိ ဗုဒ္ဓ၏ ဓာတ်တော်ကို ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီ မတိုင်မီတွင် ရွှေတိဂုံစေတီတော်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည် ပင့်ဆောင်မည်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံမှ တစ်ဆင့် တိဗက်ဒေသသို့ ဆက်လက် ပင့်ဆောင်သွားမည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် အကျိုးဆောင်အဖွဲ့မှ သိရသည်။
သတင်း - MMK
The Ladies News Journal
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment