မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, August 11, 2015
ခိုးယူဆိုင်ကယ်ကို ဒုလဝကမှူး လင်မယား အပေါင်ခံဟုဆို
ခိုးယူဆိုင်ကယ်ကို ဒုလဝကမှူး လင်မယား အပေါင်ခံဟုဆို
ဩဂုတ်လ ၁၁ ရက် ၂၀၁၅
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဆိုင်ကယ်ခိုးယူလာသူ တစ်ဦးက ပေါက်ကုန်ရပ်ကွက် အတွင်းရှိ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သော ဒုလူဝင်မှု ကြီးကြပ်ရေးမှူး လင်မယားထံတွင် ဆိုင်ကယ်ကို ပေါင်နှံထားကြောင်း ခိုးယူဆိုင်ကယ်ကို ဖမ်းဆီးစဉ် ပါဝင်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများထံမှ သိရသည်။
သြဂုတ်လ ၈ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဆိုင်ကယ်ခိုးမှုကို ပူးပေါင်းဖော်ထုတ်စဉ် ဆိုင်ကယ်ခိုးသူကို တွေ့ရှိပြီး ဖမ်းဆီးစစ်ဆေးရာ ဆိုင်ကယ်ကို အဆိုပါအိမ်တွင် ပေါင်နှံထားကြောင်း ထွက်ဆိုသဖြင့် ဆက်လက်ရှာဖွေရာ ယင်းဝန်ထမ်းအိမ်တွင် အလားတူ အပေါင်ခံထားသော ဆိုင်ကယ် ၂၀ စီးကို ထပ်မံတွေ့ရှိရကြောင်း၊ ယင်းဆိုင်ကယ်များ အပေါင်ဆုံး သတ်မှတ်ရက် ကျော်လွန်ပါက အောက်ပိုင်းဒေသသို့ သယ်ဆောင်ပြီး ပြန်လည်ရောင်းချကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ပြောကြားချက်အရ သိရသည်။
“ဆိုင်ကယ်ခိုးတဲ့သူက အဲဒီအိမ်မှာ ပေါင်ထားတယ်လို့ ပြောတော့ တော်တော်လေး အံ့သြသွားတယ်ဗျာ။ သူလက်ခံထားတာက ခိုးဘီး၊ ခိုးတဲ့သူခိုးက ဘိန်းစား။ သူတို့နေတာက ဝန်ထမ်းအိမ်ရာ။ ရာထူးနဲ့ လုပ်တဲ့အလုပ် မအပ်စပ်ပါဘူးဗျာ။ ဒီလို တရားမဝင် အပေါင်လက်ခံတာတွေ ရှိလို့ ပျောက်ရှတာတွေ များနေတာပေါ့ဗျာ” ဟု ဟန်းတဲရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပြောဆိုသည်။
အစိုးရဝန်ထမ်း ဒုလဝကမှူးအိမ်တွင် အလစ်သုတ်ယူလာသည့် ဆိုင်ကယ်ကို တရားမဝင် အပေါင်လက်ခံထားခြင်းနှင့် ပတ်သက်ပြီး ရဲစခန်းတွင် အမှုမဖွင့်မီ အွန်လိုင်းဖေ့စ်ဘုတ်ပေါ်တွင် အဆောတလျင် ရောက်ရှိသွားသဖြင့် အစိုးရဝန်ထမ်းဖြစ်သည့် အားလျော်စွာ တရားမဝင် အပေါင်ခံ ထားရှိမှုတို့ကြောင့် ရာဇဝတ်မှုကို အားပေးရာ ရောက်နေကြောင်း ဒေသခံများကြား ဝေဖန်ပြောဆိုလျက်ရှိသည်။
“အုပ်ချုပ်ရေးပိုင်းကနေ ပြောရရင်တော့ အစိုးရဝန်ထမ်း ဖြစ်တဲ့သူတွေ မဟုတ်တာလုပ်ပြီး ဥပဒေကို လေးစားလိုက်နာမှု မရှိဘူးဆိုရင် အရပ်သားကို ဘယ်လိုအုပ်ချုပ်ရတော့မလဲဗျာ” ဟု ဖမ်းဆီးရေးတွင် ကိုယ်တိုင် ပူးပေါင်းပါဝင်ခဲ့သူ ပေါက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မောင်အေးက ဆိုသည်။
လက်ရှိတွင် ရိုးကြီးရပ်ကွက်၊ ဟန်းတဲ့အုပ်စုနေသူ အသက် ၂၈ နှစ်ရှိ ကိုနော်လာကို (ပ) ၁၅၄/၂၀၁၅ ဗန်းမော်မြို့မ ရဲတပ်ဖွဲ့စခန်းက ပြစ်မှုပုဒ်မ ၃၇၉ (ဆက) အရ အမှုဖွင့်အရေးယူထားပြီး သူခိုးလက်ခံ တရားမဝင် ဆိုင်ကယ်အပေါင်လက်ခံသူ ဒုလူဝင်မှု ကြီးကြပ်ရေးမှူး ဦးကျော်ဇေယျထွန်း လင်မယားနှင့် ပတ်သက်ပြီး ခရိုင်လူဝင်မှု ကြီးကြပ်ရေမှူးက ဝန်ထမ်းက လက်ခံခြင်း မဟုတ်ဘဲ ဇနီးဖြစ်သူကသာ လက်ခံခြင်းဖြစ်သည့် အတွက် ဇနီးက ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်သည်။
“ဒီကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်ကတော့ ညွှန်ကြားချက် ထုတ်လိုက်ပါပြီ။ နောက်နောင် အခုလိုမျိုး မဖြစ်စေရအောင် ဝန်ထမ်းတိုင်း အိမ်ရာမှာ ဥပဒေမဲ့ လုပ်ငန်းမျိုး မလုပ်ရလို့ ထုတ်ပြန်ထားပါတယ်” ဟု ခရိုင်လူဝင်မှု ကြီးကြပ်ရေးမှူး ဦးကိုကိုကြီးက ပြောဆိုသည်။
(ဆလိုင်းယောဇဉ်)
The Voice Weekly
No comments:
Post a Comment