========
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အငှားယာဉ်များကို City Taxi မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းများ ပြုလုပ်နေသည့် YRTA ရုံးရှိရာ လေးထောင့်ကန်လမ်းတစ်လျှောက်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် သိရသည်။
စတင်လုပ်ဆောင်သည့်နေ့ နိုဝင်ဘာ ၁၄ ရက်နှင့် နိုဝင်ဘာ ၁၅ ရက်တွင် ပြည်သူများ အလုပ်သွားချိန် နံနက် ၇ နာရီခန့်မှစ၍ မွန်းတည့် ၁၂ နာရီအထိ လေးထောင့်ကန် လမ်းမကြီးတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော့်အိမ်ကနေ အလုပ်ကိုလာရင် လေးထောင့်ကန်လမ်းမကြီးကပဲ လာရတယ်။ မှတ်တိုင်က ခုနစ်မှတ်တိုင်ပဲ လိုင်းကားစီးရတယ်။ အရင်တုန်းကဆို နာရီဝက်ပေါ့။ အဲဒီလောက်ပဲစီးရတယ်။ ခုကတော့ နှစ်နာရီ လောက်စီးရတယ်ဗျာ။ တော်တော်စိတ်ညစ်စရာပါ။ ပထမတော့ ဘာဖြစ်တာလဲပေါ့။ နောက်တော့ YRTA ရုံးရှေ့ရောက်တော့မှ Taxi တွေ မှတ်ပုံတင်နေတာကို သိတာ။ မှတ်ပုံတင်တဲ့ Taxi တွေက လမ်းရဲညာဘက် လမ်းပေါ်ကိုယူပြီး ရပ်ထားတာ။ နှစ်မှတ်တိုင် လောက်အကွာအဝေးရှိတယ်။ အခြားလမ်းဘေး လမ်းပေါ်တွေမှာလည်း ရပ်ထားတာ အများကြီးပါ။ အဲဒါကြောင့် ပိတ်ဆို့နေတာ။ ကျွန်တော်ပြောချင်တာက စပြီးလုပ်မယ်ဆိုရင်လည်း သေသေချာချာ စနစ်တကျစီစဉ်ပြီးမှ လုပ်သင့်တယ်။ ခုတော့ ကျွန်တော်တို့ ပြည်သူတွေပဲ ခံရတယ်” ဟု YBS ဖြင့် အလုပ်သွားသည့် သင်္ဃန်းကျွန်းမြို့နယ်နေ ကိုရာဇာမင်းက ပြောကြားသည်။
အငှားယာဉ်များ City Taxi မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးမှု ပထမရက်တွင် အရေအတွက် ၁၅၀ ခန့်အထိ ရှိခဲ့ပြီး ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရာ အခက်အခဲများရှိပါက အခြားနေရာ ထပ်မံစီစဉ်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က နိုဝင်ဘာ ၁၅ရက်တွင် ပြောကြားသည်။
“ယာဉ်ကြောကျပ်တဲ့အကြောင်းရင်းထဲမှာ တက္ကစီက ခွင့်ပြုထားတာထက် အများကြီးရှိတယ်။ ဒါလည်း တဖြည်းဖြည်းချင်း ကန့်သတ်ဖို့ရှိတယ်။ ပထမဦးဆုံး ရန်ကုန်တိုင်းအတွင်းမှာ ပြေးဆွဲခွင့်ရှိတဲ့ City Taxi တွေကို မှတ်ပုံတင်ခိုင်းခြင်း ဖြစ်ပါတယ်။ တချို့က တင်ပြီးသား ရှိတယ်။ ၆၀၀၀၀ စလုံးက တစ်ပြိုင်တည်းတင်ရမှာ မဟုတ်ပါဘူး။ အခုဆိုရင် တာမွေမြို့နယ် လေးထောင့်ကန်လမ်းက YRTA ရုံးချုပ်မှာ တင်ခိုင်းတယ်။ အခုဆိုရင် ၁၅၀ ၀န်းကျင်လောက်ပဲ ရှိသေးတယ်။ အဲဒီမှာလည်း အသစ်က တိုးတာရှိသလို အဟောင်းတွေ သက်တမ်းတိုးတာ ရှိတယ်။ ဒီဇင်ဘာ ၃၁ ရက်အထိ တကယ်လို့မှ လာပြီးတင်တဲ့သူများရင် အခြားနေရာ လုပ်ပေးမယ်။ လမ်းမ ပိတ်အောင်။ နည်းနည်းခက်တယ်ပြောရင်။ နောက်ဆို ပေးရတဲ့အခက ၂၀၀၀၀ လို့ ပြောတယ်။ နှစ်သောင်းဆိုတာလည်း မဟုတ်ပါဘူး။ အားလုံး ၁၂၅၀၀။ ဒီဟာလည်း YRTA မှတ်ပုံတင်ကြေး ၃၀၀၀ ပဲ ယူပြီးတော့ ကျန်တဲ့ဟာတွေက တံဆိပ်ရိုက်တာတို့၊ ဓာတ်ပုံရိုက်တာတို့ ကုမ္ပဏီကိုပေးရတဲ့ဟာ ဖြစ်ပါတယ်။ အသစ်လာလုပ်တာပေါ့။ အဟောင်းက လာပြီးတော့လုပ်ရင် ကျပ် ၆၅၀၀ ပဲ ကျပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
City Taxi ပြုလုပ်လိုသော အငှားယာဉ် ပိုင်ရှင်များအနေဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံစာ၊ ဓာတ်ပုံနှစ်ပုံ၊ ယာဉ်ပိုင်ရှင်စာအုပ်၊ လုပ်ငန်းအပိုင် ၁/ ၂ တြိဂံ၊ အမည်မပေါက်လျှင် ၀ယ်ရောင်းစာချုပ်တို့ လိုအပ်ကြောင်း သိရသည်။
ယာဉ်မောင်းများအနေဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံစာ၊ ယာဉ်မောင်းလိုင်စင်နှစ်ပုံ ၊ ၀ှီးတက်နှစ်စုံ စသည်တို့အားလုံး မူရင်း၊ မိတ္တူယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မော်တော်ယာဉ်အမျိုးအစား သုံးမျိုးရှိပြီး ကိုယ်ပိုင်ယာဉ်၊ ဘတ်စ်ကား၊ အငှားယာဉ် ကုန်တင်ယာဉ်များဟူ၍ ရှိပြီးမှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၉၃၀၀၀၀ ကျော်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်အစီးရေ ၅၃၀၀၀၀ နီးပါး ရှိကြောင်း ဇွန် ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားထားသည်။
Eleven
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment