Monday, December 12, 2016

TNLA အဖွဲ့မှ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ရွာသား ၃၆ ဦးအား ပြန်လွှတ်ပေးရန် SNLD ကျားခေါင်းပါတီ တောင်းဆို



Posted: December 12, 2016

တအာင်းတပ်မတော် TNLA အဖွဲ့၏ တပ်သားသစ် စုဆောင်းရန် အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင် ခဲ့သည့် ရွာသား ၃၆ ဦးအား ပြန်လွှတ်ပေးရန် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ဒီဇင်ဘာ ၁၂ ရက်တွင် အရေးပေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

 

ဖမ်းဆီးခံရသူများထဲတွင် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ငါးဦးလည်း အပါအ၀င်ဖြစ်သည့် ကျောက်မဲ မြို့နယ် ပန်ကွမ်းကျေးရွာသား ၂၄ ဦး၊ နမ္မတူမြို့နယ် မိုင်းတက်ကျေးရွာသား ၁၁ ဦး၊ မန်နားကျေးရွာသား တစ်ဦး စုစုပေါင်း ၃၆ ဦးကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်က ကျောက်မဲမြို့နယ် ပန်ကွမ်းကျေးရွာအုပ်စု ပန်ကွမ်းရွာမတွင် ကျေးရွာသား ၂၄ ဦးအား TNLA အဖွဲ့က ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ယင်းလူစုထဲတွင် SNLD မှ ပန်ကွမ်းကျေးရွာအုပ်စု ဒုတိယဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်လေးဦး စုစုပေါင်းငါးဦးတို့ ပါဝင်ခဲ့ခြင်းဖြစ်သည်။

 

ထို့အတူ နိုဝင်ဘာ ၂၁ ရက်ကလည်း ပြောင်းခင်းထဲတွင် အလုပ်လုပ်နေသည့် နမ္မတူ မြို့နယ် မိုင်းတက်ကျေးရွာအုပ်စု မိုင်းတက်ရွာသား ၁၁ ဦးအား ခေါ်ဆောင်ခဲ့ပြီး ယင်းနေ့တွင်ပင် မန်နာရွာသား တစ်ဦးအားလည်း TNLA အဖွဲ့က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်။ တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား တင်းမာမှုများ လျော့နည်း ပပျောက်စေရန်ကိုလည်း အလေးပေး ဆောင်ရွက်ခဲ့သည်။ TNLA အပါအ၀င်ဖြစ်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့အား အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် လွှတ်တော်များတွင် အဆိုပြု တင်ပြခဲ့သည်များကိုလည်း တစ်ဖက်နှင့် တစ်ဖက် စေ့စပ်ဆွေးနွေးရေး လမ်းကြောင်း ပိုမိုလျော့သွား စေနိုင်သောကြောင့် SNLD ကျားခေါင်းပါတီမှ ဆန့်ကျင် ကာကွယ်ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အကြမ်းအဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် ကြိုးပမ်းနေမှု များမှာ ပိုမိုရှုပ်ထွေးရေးသို့ ဦးတည်စေမည်ဟု ကျားခေါင်းပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက သတင်းမီဒီယာများသို့ ပြောဆိုထားသည်။

 

ဇော်မင်းထွန်း

The Ladies News

No comments:

Post a Comment