Saturday, December 24, 2016

ခေတ်နှင့်အညီ ပေါ့ပါးလုံခြုံမှုရှိသော သူနာပြုနှင့် သားဖွားဝတ်စုံသစ်များ ပြောင်းလဲဝတ်ဆင်ရတော့မည်ဟု သိရ


ပြင်ဆင်ဖြည့်စွက်မည့် သူနာပြုသားဖွားဝတ်စုံများ မိတ်ဆက်ပြသခြင်း အခမ်းအနားကို တွေ့ရစဉ်

ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်ရှိ သူနာပြုနှင့် သားဖွားဆရာမများ အနေဖြင့် ပြောင်းလဲလာသော ခေတ်နှင့်အညီ ပေါ့ပါးလုံခြုံမှုရှိသော ၀တ်စုံသစ်များအား ပြောင်းလဲဝတ်ဆင်စေတော့မည် ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ သိရသည်။

သူနာပြုနှင့် သားဖွားများအနေဖြင့် ခေတ်နှင့်လျော်ညီပြီး ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနိုင်စေရန်၊ လုံခြုံမှုရှိရန်နှင့် ပိုးမွှားများ ကာကွယ်ထိန်းချုပ်ခြင်းကို ဦးတည်၍ နိုင်ငံတကာနှင့် လျော်ညီစေရန် ရည်ရွယ်ကာ သူနာပြုနှင့် သားဖွားဝတ်စုံသစ် ပုံစံနှစ်မျိုးကို ထပ်မံဖြည့်စွက်ခဲ့ကြောင်း၊ မူလပုံစံကိုလည်း ဆက်လက်ထားရှိ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြင်ဆင်ဖြည့်စွက်မည့် သူနာပြုနှင့် သားဖွားဝတ်စုံသစ်များ မိတ်ဆက်ပြသသည့် အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်ရှိ ကျန်းမာရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အစဉ်အလာကြီးမား၍ မြန်မာဆန်စွာ လှပသော လက်ရှိဝတ်စုံကို အခမ်းအနားတက် ၀တ်စုံအဖြစ် ဆက်လက်ထားရှိမှာဖြစ်ပြီး လုပ်ငန်းခွင်အတွင်း သွက်လက်ပေါ့ပါးလုံခြုံစွာ ၀တ်ဆင်နိုင်မည့် လုပ်ငန်းခွင် ၀တ်စုံ (၁) နှင့် ၀တ်စုံ (၂)ကို ထပ်မံဖြည့်စွက်ခဲ့ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

ပြင်ဆင်ဖြည့်စွက်သည့် လုပ်ငန်းခွင် ၀တ်စုံသစ်သည် အင်္ကျီကို ခါးအောက်လက် လေးလုံးရှည်ထားပြီး အိတ်ကပ်၊ လက်မောင်း အနားရစ်နှင့်ဦးဆောင်း (Cap) တို့တွင် အနားကွပ်ထားပြီး ရာထူးအလိုက် အနားကွပ် အရောင်ကွဲပြားမှု ရှိမည်ဖြစ်ကြောင်း၊ မူလ၀တ်စုံ ကြိုက်နှစ်သက်သူများအတွက် ပုံစံမပျက် စကတ်အသွင်ချိတ်ဖြင့် ပြုပြင်ချုပ်လုပ် ထားသည့်အတွက် လုံခြည်ဖြန့်ဝတ်ရန် မလိုတော့ဘဲ (Infection Control) အတွက် အထောက်အကူ ဖြစ်စေကြောင်း သိရသည်။

အခြားလုပ်ငန်းခွင် ၀တ်စုံသစ်မှာ ကမ္ဘာနှင့်အ၀ှမ်း ၀တ်ဆင်အသုံးပြုနေကြသည့် ၀တ်စုံများကဲ့သို့ အဖြူရောင် နှစ်ထပ်ကော်လံ အင်္ကျီနှင့် ဘောင်းဘီရှည် တွဲဖက်ဝတ်ဆင်ရမည့် ပုံစံဖြစ်ပြီး ရာထူးအလိုက် အိတ်ကပ်အနား လက်အနားများ၏ အနားကွပ်အရောင် ပြောင်းလဲမှု ရှိမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသား သူနာပြုများအတွက် အထူးပြောင်းလဲခြင်း မရှိဘဲ ပွဲတက်ဝတ်စုံအား လည်စည်း တပ်ဆင်ရန် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သူနာပြုနှင့် သားဖွားသင်တန်းသားများ၏ ၀တ်စုံကိုလည်း ပြင်ဆင်ဖြည့်စွက် သတ်မှတ်ထားကြောင်း၊ ပုဂ္ဂလိက ဆေးရုံဆေးခန်းများမှ သူနာပြုများ အတွက်လည်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်သတ်မှတ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝတ်စုံသစ်များကို လာမည့် ၂၀၁၇ ဇန် န၀ါရီ ၁ ရက်မှ စတင်ဝတ်ဆင်စေရန် ကနဦး ရည်မှန်းထားသော်လည်း တရားဝင် ထုတ်ပြန်ခြင်း မပြုသေးကြောင်း သိရသည်။

 

Writer: 

ကျော်မျိုး

Eleven Media Group Co., Ltd

No comments:

Post a Comment