Thursday, December 15, 2016

မိတ္ထီလာတွင် လူသတ်လုယက်ကာ ထွက်ပြေးနေသူကို မုံရွာတွင် ဖမ်းမိ


မိတ္ထီလာ၊ ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၊ လူးခင်းကြီးကျေးရွာအနီးတွင် စက်တင်ဘာလအတွင်းက တက္ကသိုလ်ကျောင်းသား တစ်ဦးကို သတ်ပြီး လုယက်မှု ကျူးလွန်ခဲ့ရာတွင် ပါဝင်သူ တစ်ဦးကို မုံရွာမြို့တွင် အခြား အဖော်များနှင့် လုယက်မှု ကျူးလွန်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်က မိတ္ထီလာ တက္ကသိုလ်မှ ကျောင်းသားနှင့် ကျောင်းသူ နှစ်ဦးကို လူသုံးဦးက ရိုက်နှက် လုယက်ခဲ့ရာတွင် တက္ကသိုလ်ကျောင်းသား သေဆုံးကာ မော်တော်ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနှင့် ရွှေထည်များ လုယက်ခံခဲ့ရ၍ နယ်မြေခံ မြို့မရဲခန်းက(ပ)၂၉၅/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ (၃၉၄) ဖြင့် အမှုဖွင့်ထားခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။

မုံရွာစီးပွားရေး တက္ကသိုလ် အနီးတွင် ကျောင်းသား စည်သူအောင်နှင့် ကျောင်းသူ တစ်ဦးတို့ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက စကား ပြောနေကြစဉ် မော်တော်ဆိုင်ကယ် တစ်စီး ရောက်ရှိလာပြီး အဆိုပါ စုံတွဲကို ဓားဖြင့်ထောက်ကာ ဆိုင်ကယ်နှစ်စီး၊ တစ်ကျပ်သား ရွှေဆွဲကြိုး တစ်ကုံး၊ ငါးမူးသားဟန်းချိန်း တစ်ခုနှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို လုယူ ထွက်ပြေးသွားကြောင်း၊ ယင်းနောက် မြင်းမူဘက်သို့ ထွက်ပြေးကြောင်း သိရသဖြင့် ပိတ်ဆို့ ဖမ်းဆီးရာတွင် လုယက်မှု ကျူးလွန်သူ ရဲလင်း၊ ကျော်လင်းနှင့် ကျော်ဇင်တို့ သုံးဦးကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီး မုံရွာမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

လက်ရှိ မုံရွာဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ သုံးဦးအနက် ရဲလင်းဆိုသူမှာ မိတ္ထီလာရှိ တက္ကသိုလ်ကျောင်းသားကို ထိုးကြိတ်ရိုက်နှက်သည့်အမှုတွင် ပါဝင်ပတ်သက်သူ တစ်ဦးဖြစ်ကြောင်း မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

“မုံရွာမှာ လုယက်မှုနဲ့ ဖမ်းမိတဲ့ သူတွေဆီမှာ မိတ္ထီလာက အလုခံထားရတဲ့ FZ ဆိုင်ကယ်ကို တွေ့တယ်။ အဲဒီလိုနဲ့ ဒီဘက်က အမှုပါ ပေါ်လာတာ။ အခုတော့ သူတို့ကို မုံရွာမှာပဲ ဖမ်းဆီးထားပါတယ်”ဟု မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးအဆင့်ရှိ ရဲအရာရှိက ရှင်းပြသည်။

No comments:

Post a Comment