Tuesday, December 6, 2016

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းကြောင့် နောက်နှစ်ရက်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုတွင် အခါလွန်မိုး ရွာသွန်းနိုင်


ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် နောက်နှစ်ရက်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုတွင် အခါလွန်မိုး  ရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒီဇင်ဘာ ၄ ရက်နေ့ ညနေ ၃ နာရီအချိန် ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်  နောက် ၃ ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာသွန်းမည်ဖြစ်ကြောင်း သိရသည်။

“လောလောဆယ် လေဖိအားနည်း ရပ်ဝန်းပဲရှိသေးတယ်။ နောက် ၁၂ နာရီအတွင်းမှာတော့ မုန်တိုင်းငယ် အဆင့်ကို ရောက်နိုင်တယ်။ ပြီးသွားရင် အနောက်မြောက်ဘက်ကို ဦးတည်ပြီးတော့ အိန္ဒိယနိုင်ငံ ကမ်းခြေဘက်ကို ဦးတည်နိုင်တယ်။ ပင်လယ်ထဲမှာဆိုတဲ့ အတွက်ကြောင့် အချိန်မရွေး ပြောင်းလဲနိုင်တဲ့ အနေအထားရှိတယ်။  ၈ ရက် ၉ ရက်နေ့ တွေကြရင်တော့ အလယ်ပိုင်းတွေ ဘာတွေမိုးရနိုင်တယ်။ ဒီဇင်ဘာ ၄ ရက်နေ့က မိုးဇလက ထုတ်ထားတာကတော့ ဒီဇင်ဘာ ၅ ရက်နေ့ ကနေ ၇ ရက်နေ့ အထိ အခါလွန်မိုး ရွာနိုင်တဲ့အခြေအနေကို ထုတ်ပြန်ထားတယ်။ ၈ ရက်ကနေ ၉ ရက်ကတော့ လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းငယ်အဆင့်ပြောင်းသွားပြီး သူ့ကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တစ်ချို့က မြန်မာနိုင်ငံထဲကို ရောက်နိုင်တဲ့အတွက် အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်နဲ့ စစ်ကိုင်းတိုင်း အောက်ပိုင်းတွေမှာ မိုးအနည်းငယ်ရနိုင်တယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောသည်။

ယခုဖြစ်ပွားနေသည့် လေဖိအားနည်းရပ်ဝန်း ဖြစ်စဉ်ပြီးပါက မြန်မာနိုင်ငံတွင် ဆောင်းလေအေးများ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီး ယခုလလယ်ပိုင်းမှ စတင်ကာ ပြန်လည်အေးနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

“ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေမရှိတော့ဘူးဆိုရင် တိမ်တွေ ဘာတွေကင်းသွားရင် ပြန်အေးလာမှာ ဖြစ်တယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာဆိုရင်လဲ ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြန်အေးလာတယ်။ လလယ်လောက်ဆိုရင် ပြန်အေးလာမဲ့ အနေအထားရှိပါတယ်။ အခုလေဖိအားနည်းရပ်ဝန်းက ကပ္ပလီပင်လယ်ပြင်မှာပဲ ရှိပါသေးတယ်။ ဘင်္ဂလားပင်လယ်အော်ကို မရောက်သေးဘူး။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းလောက်မှာဖြစ်နေတာဖြစ်တယ်။ အခြေအနေ ပြောင်းသွားရင် ပြောင်းသွားတဲ့အတိုင်း ထုတ်ပြန်ဖို့ ရှိပါတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးကပြောသည်။

ဒီဇင်ဘာ ၅ ရက်နေ့ မိုးလေ၀သ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ တိမ်ထူထပ်နေပြီး၊ ကျန်ဒေသတွေမှာတော့ တိမ်ကင်းစင်နေကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးရွာသွန်းခဲ့ပြီး မှတ်သားဖွယ်ရာ မိုးရေချိန်သည် ကော့သောင်းမြို့ တွင် (၀ ဒသမ ၆၃) လက်မဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ နံနက်ပိုင်းတွင် မြူထူများဆိုင်းခဲ့ပြီး ထူးခြားသည့် ညအပူချိန်များအနေဖြင့် ဟားခါးမြို့မှာ (၁) ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့နှင့် ပြင်ဦးလွင်မြို့တို့မှာ (၈)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment