ရန်ကုန်၊ ဒီဇင်ဘာ ၁၁
အကောက်ခွန် ဦးစီးဌာနနှင့် ဆိပ်ကမ်းတွင် ပြည်ပ တင်ပို့မည့် ကုန်ပစ္စည်းများ၊ ပြည်ပမှ မှာယူသည့် ကုန်ပစ္စည်းများ သယ်ဆောင် သွားလာရာတွင် ကြန့်ကြာမှုများ မဖြစ်ပေါ်စေရန် ကော်မတီ တစ်ရပ် ဖွဲ့စည်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
“ကုန်တင်ကားတွေကို နေ့ ထွက်ခိုင်းတာ ရပ်ပြီး ညဘက် ထွက်ခိုင်းတာက လုပ်ငန်းရှင်တွေကို အခက်အခဲ ဖြစ်ဖို့အတွက် ကျွန်တော် မလုပ်ဘူး။ အချိန်မီ ဒီကုန်ကို အမြန်ပို့ဖို့ လိုတယ်ဆိုရင် ကျွန်တော်တို့ ရုံးကို အကြောင်း ကြားပါ။ ရန်ကုန်တိုင်း စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးမြင့်သောင်းကို ဒါနဲ့ ပတ်သက်တဲ့ ကော်မတီတစ်ခု ဖွဲ့စည်းပေးထားပါတယ်။ အကောက်ခွန်နဲ့ ဆိပ်ကမ်းမှာဖြစ်ဖြစ် ကြန့်ကြာနေရင် လိုက် ဆောင်ရွက်ပေးမှာပါ”ဟု ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု ဝန်ကြီးများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကြားတွင် ပူးပေါင်း ညှိနှိုင်းရေး ကော်မတီ တစ်ရပ်လည်း ဖွဲ့စည်းထားပြီး နေပြည်တော်နှင့် ရန်ကုန်တွင် တစ်လ နှစ်ကြိမ် အစည်းအဝေးကို တစ်လှည့်စီ ပြုလုပ်ကာ ဝန်ကြီးဌာနများ ပေါင်းစပ်၍ ကုန်စည် စီးဆင်းမှု အခက်အခဲ ဖြစ်ပေါ်ပါက အမြန်ဆုံး ဖြေရှင်းပေးမည် ဖြစ်ကြောင်း၊ နေ့လယ်ပိုင်းတွင် ကွန်တိန်နာ ယာဉ်များ သွားလာသည့် ယာဉ်ကြော လျှော့ချလိုက်ခြင်းဖြင့် အခြား စီးပွားရေးဆိုင်ရာ လုပ်ငန်းများလည်း ပိုမို သွက်လက်လာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သူတို့ ဖွဲ့စည်းထားတဲ့ ကော်မတီက Hotline နံပါတ်တွေ၊ အဖွဲ့ဝင်စာရင်းတွေကို ဒီဇင်ဘာ ၇ ရက်နေ့ မတိုင်ခင်ကတည်းက ပေးထားပါတယ်။ ကျွန်တော်တို့ အသင်းကို ပစ္စည်းတွေက ပြည်ပပို့ဖို့ အရေးကြီးနေတယ်ဆိုရင် Hotline ကိုဆက်၊ ဒါမှမဟုတ် ရန်ကုန်တိုင်း စက်မှုလက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်ဆီမှာ လမ်းကြောင်း တောင်းတဲ့စနစ်နဲ့ လုပ်ရမှာပါ”ဟု မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မိုးက ပြောကြားသည်။
ပြည်ပသို့ အရေးတကြီး တင်ပို့ရမည့် ကုန်ပစ္စည်းများအတွက် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်ထံတွင် နေ့ဘက် သွားလာတင်ပို့ခွင့် လမ်းကြောင်းတောင်းကာ ဆောင်ရွက်ရမည်ဖြစ်ပြီး လာမည့် ပွင့်လင်း ရာသီများတွင် Export, Import ပြုလုပ်ရသည့် ကုန်သေတ္တာ အလုံးပေါင်း တစ်နေ့လျှင် ၂၀ဝ၀ ခန့် ရှိလာမည် ဖြစ်သောကြောင့် လမ်းကြောင်း တောင်း၍သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
No comments:
Post a Comment