ဘဏ်က ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကို အသုံးချပြီး ငွေကျပ်သိန်းပေါင်း ၂၀,၀၀၀ ခန့် အထိ ကိုယ်ကျိုးရှာခဲ့သည့် ဘဏ်စီးပွားရေး လုပ်ငန်းနှင့် ငွေကြေးဌာန မန်နေဂျာနှင့်ဌာန တာဝန်ခံတို့ကို အလုပ်ကထုတ်ပယ်၍ အမှုဖွင့် တရားစွဲဆိုထားကြောင်း ရိုးမဘဏ်အုပ်ချုပ်မှုအဖွဲ့က ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့ ရိုးမ ဘဏ်ရုံးချုပ်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
"ကျင့်ဝတ်မှန်ကန် ရိုးမဘဏ်ဆိုတဲ့ ကျွန်တော်တို့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူကို ၀န်ဆောင်မှု ပေးနေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဘဏ်ရဲ့ အဆင့်မြင့်တာဝန်ထမ်းဆောင်နေသူနှစ်ဦးက ဘဏ်က ပေးအပ်ထားတဲ့ အခွင့်အာဏာကို အသုံးချပြီး ကိုယ်ကျိုးရှာခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ သူတို့နှစ်ဦးကို တရားစွဲအရေးယူထားပါတယ်" ဟု ရိုးမဘဏ်ဌာနခွဲများဆိုင်ရာ အကြီးအကဲ ဦးမောင်စိန်က ပြောသည်။
အထက်ပါ ၀န်ထမ်းနှစ်ဦးက ဘဏ်၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ကြောင်း တိုင်ကြားစာတစ်ခုကို ရရှိခဲ့သဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ အမှုဖွင့်ခံရသူနှစ်ဦးမှာ ဘဏ်ကပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဘဏ်၏ ၀န်ဆောင်မှုကို အသုံးပြုသူများထံမှ သတ်မှတ်ထားသည့် ၀န်ဆောင်ခ ၁ ရာခိုင်နှုန်းထက် ပိုမိုကောက်ခံ၍ ငွေကျပ် သိန်းပေါင်း ၂၀,၀၀၀ ခန့် ကို အခြားဘဏ်တစ်ခုတွင် သိမ်းဆည်းထားကြောင်း အထောက်အထားများနှင့်တကွ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဦးမောင်စိန်က ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်း ၀န်ထမ်း နှစ်ဦးကို အရေးယူပေးရန် ရိုးမဘဏ်အုပ်ချုပ်မှုအဖွဲ့က
မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းတွင် ဖြစ်မှု ပုဒ်မ ၄၀၈ ဖြင့် အောက်တိုဘာ ၂၀ ရက်က အမှုဖွင့်တိုင်တန်းခဲ့ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံးက စစ်ဆေးလျက်ရှိသည်။
တရားစွဲဆိုခံထားရသူများကို ကျန်းမာရေးအတွက် စစ်ဆေးကုသမှုလိုအပ်ချက် အကြောင်းပြချက်ဖြင့် မြို့နယ်တရားရုံးက အာမခံပေးထားကြောင်း ရိုးမဘဏ်တာဝန်ရှိသူများက ပြောသည်။
"ဒီအမှုကို မှန်မှန်ကန်ကန်ထိထိရောက်ရောက်နဲ့ အမြန်ဆုံး အမိန့်ချပေးစေချင်ပါတယ်" ဟု ရိုးမဘဏ် အမှုဆောင်ဒါရိုက်တာ ဒေါ်အေးအေးစိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အာမခံဖြင့်လွှတ်ပေးခြင်းသည် ရိုးမဘဏ်အတွက် နစ်နာသည်ဟု သုံးသပ်ယူဆသဖြင့် အဆိုပါအာမခံကို
ပယ်ဖျက်ပေးရန် နိုဝင်ဘာ ၃၀ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံးတော်တွင် ဆက်လက်အယူခံ တင်သွင်းထားသည်ဟု ဆိုသည်။
ဘဏ်ဝန်ထမ်းနှစ်ဦး၏ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားပြုလုပ်မှုများကြောင့် ဘဏ်၏ ကျင့်ဝတ်သိက္ခာနှင့် အများပြည်သူ ယုံကြည်မှု လျော့နည်းလာနိုင်သည့်အတွက် ငွေကြေးနှင့် တန်ဖိုးမဖြတ်နိုင်သည့် ဆုံးရှုံးမှုများ ရှိကြောင်း ရိုးမဘဏ်ဌာနခွဲများဆိုင်ရာ အကြီးအကဲ ဦးမောင်စိန်က ပြောသည်။
The Myanmar Times
No comments:
Post a Comment