ကိုဖီအာနန် ဦးဆောင်သောကော်မရှင်အဖွဲ့ မြောက်ဦးမြို့ရှိ သမိုင်းဝင်ဘုရားပုထိုးများအား လေ့လာကြည့်ရှုစဉ် ထောင်နှင့်ချီသော ဒေသခံများက ဆန္ဒပြနေစဉ် (ဓာတ်ပုံ- ရက္ခသူရိန်)
ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်အဖွဲ့အား ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦးနှင့် မြေပုံအစရှိသော မြို့ငါးမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရပြီး ယင်း ဆန္ဒထုတ်ဖော်မှုအားလုံးတွင် အဆိုပါ ကော်မရှင်ကိုဖျက်သိမ်းရေး တောင်းဆို ဆန္ဒထုတ်ဖော်မှုမှာ အဓိကပါဝင်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် နံနက်က စစ်တွေသို့ရောက်ရှိလာစဉ် စစ်တွေမြို့ လေယာဉ်ကွင်း အ၀င်လမ်းတွင် ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြသလို့ ဒီဇင်ဘာ ၃ ရက်တွင် မောင်တောနှင့် ဘူးသီးတောင်မြို့များသို့ သွားရောက်လေ့လာခဲ့ရာတွင်လည်း ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဒီဇင်ဘာ ၄ ရက်တွင် မြောက်ဦးနှင့်မြေပုံမြို့များသို့ သွားရောက်လေ့လာခဲ့ရာ ထောင်နှင့်ချီသော ဒေသခံများက ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကော်မတီအဖွဲ့အနေဖြင့် စစ်တွေမြို့သို့ ရောက်ရှိစဉ်ကာလအတွင်း စစ်တွေမြို့မှ အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံမှုများရှိခဲ့သော်လည်း စစ်တွေမြို့လူမှုအဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများအနေဖြင့် တွေ့ဆုံဆွေးနွေးရန် လက်မခံခဲ့ကြောင်း သိရသည်။ ထိုသို့ လက်မခံရခြင်းမှာလည်း ကိုဖီအာနန်အနေဖြင့် ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခြင်းအပေါ် မကျေနပ်ခြင်းနှင့် ကိုဖီအာနန်ကော်မရှင်အား ဖျက်သိမ်းပေးရေးအတွက် ရခိုင်ပြည်နယ်လွှတ်တော်ကလည်း ဆုံးဖြတ်ထားခြင်းများ ရှိခဲ့ကြောင်း သိရသည်။
“စားနပ်ရိက္ခာ အခက်အခဲရှိနေတဲ့ သူတွေကို လူသားချင်းစာနာမှုအရ အကူအညီပေးနိုင်အောင် တိုက်တွန်းသွားမယ်။ မောင်တောဒေသရဲ့ ပကတိအခြေအနေကိုသိရှိ နိုင်ဖို့ အတွက်လည်း ဘူးသီးတောင်နဲ့ မောင်တောဒေသကို သွားရောက်ကြည့်ရှုသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မရှင်အနေနဲ့ ဒီနေ့မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ လူငယ် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးမှုတွေကတော့ နွေးထွေးပြီး ကောင်းမွန်ပါတယ်။အစိုးရအဖွဲ့နဲ့ ဆွေးနွေးတဲ့အခါမှာလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ကို အလေးထား ဆွေးနွေးခဲ့တယ်” ဟု အစိုးရဧည့်ဂေဟာတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ကိုဖီအာနန်က ပြောကြားသည်။
အလားတူစွာပင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းနှင့်ပတ်သက်ပြီး NVC ကတ်ထုတ်ပေးခြင်း ကိစ္စရပ်များနှင့် ဘူးသီးတောင်နှင့် မောင်တောအခြေအနေများကိုလည်း ပြည်နယ်အစိုးရအဖွဲ့၏ အမြင်နှင့်သဘောထားများအပြင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
ဒီဇင်ဘာ ၄ ရက် မြောက်ဦးမြို့သို့ ရောက်ရှိစဉ်အတွင်း ဒေသခံ ၅၀၀ ခန့်တို့က ကိုဖီအာနန် အကြံပေးကော်မရှင်အဖွဲ့ ဖျက်သိမ်းပေးရေး…ဒို့အရေး..ဒို့အရေး၊ ရခိုင်ပြည်နယ်လွှတ်တော် ဆုံးဖြတ်ချက် အလေးထား ဆောင်ရွက်ရေး … ဒို့အရေး.. ဒို့အရေး၊ ကမ္ဘာတည်သရွေ့ ရခိုင်လူမျိုး ... ရှိရမည်…ရှိရမည်။ ဘင်္ဂါလီကို ဘင်္ဂါလီဟု …ခေါ်ဆိုပါ….ခေါ်ဆိုပါ။ တိုင်းရင်းသား တန်းတူညီမျှမှုရရှိရေး … ဒို့အရေး ... ဒို့အရေး၊ ရခိုင်လူမျိုး၏ ဖြစ်တည်မှုကို… လေးစားပါ …လေးစားပါ။ ပြည်သူလူထု၏ တောင်းဆိုချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့မှ ….အလေးထားပါ …အလေးထားပါ အစရှိသော ကြွေးကြော်သံများ ကြွေးကြော်ခဲ့ ကြကြောင်း သိရသည်။
“ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို လေးစားဖို့လိုမယ်။ အခုဖြစ်နေတာက သူတို့လုပ်ချင်ရာ လုပ်နေတယ်လို့ ကျွန်တော်တို့မြင်တယ်။ ရခိုင်အကြောင်းကို ရခိုင်တွေထက် ပိုသိနိုင်စရာအကြောင်း မရှိဘူး။ လျှပ်တစ်ပြက်လေ့လာရုံနဲ့ အတိအကျမသိနိုင်ဘူး။ အခုသူတို့က ရိုဟင်ဂျာလို့ ထပ်မံသုံးစွဲလာကြတယ်။ အဲဒီအပေါ်မှာလည်း ဒေသခံ ရခိုင်ပြည်သူတစ်ရပ်လုံးက မလိုလားဘူး ဖြစ်နေတယ်။ ဒါကြောင့် ဒီနေ့လူထောင်ချီ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ ရခိုင်လူမျိုးရဲ့ဖြစ်တည်မှုကို လေးစားလိုက်နာဖို့ လိုမယ်လို့ပြောချင်ပါတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ဦးသန်းနိုင်က ပြောကြားသည်။
ထို့နောက် အဆိုပါကော်မရှင်အဖွဲ့သည် မြောက်ဦးမြို့ရှိ သမိုင်းဝင်ဘုရားပုထိုးများအား လေ့လာကြည့်ရှုခြင်း၊ ရှေးဟောင်း ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်ခဲ့ပြီးနောက် မြေပုံမြို့သို့သွားရောက်ခဲ့ကြသည်။ မြေပုံမြို့သို့ သွားရောက်စဉ် ဒေသခံများက တစ်မြို့လုံးတွင် တံခါးပိတ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ကော်မရှင်အဖွဲ့သည် မြေပုံမြို့တွင် ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကာ ဘင်္ဂါလီများနှင့်တွေ့ဆုံခဲ့ပြီးနောက် စစ်တွေမြို့သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ကြောင်းနှင့် ညနေပိုင်းတွင် စစ်တွေမှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။
Writer:
သန်းလှိုင် (စစ်တွေ)
Eleven Media
No comments:
Post a Comment