Wednesday, December 7, 2016

မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်မှုကို ရက်အကန့်အသတ်မရှိ ခေတ္တ ရပ်ဆိုင်း


ရန်ကုန်၊ ဒီဇင်ဘာ ၆

မလေးရှားနိုင်ငံဝန်ကြီးချုပ် ဦးဆောင်၍ မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာ ဆန္ဒပြသည့် ဖြစ်စဉ်များကြောင့် မလေးရှားနိုင်ငံသို့ မြန်မာလုပ်သား စေလွှတ်မှုကို ရက်အကန့်အသတ် မရှိ ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများကြောင့် မလေးရှားနိုင်ငံမှ အလုပ်ခေါ်စာ(Demand Letter) အသစ်များ လက်ခံခြင်းကို အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဒီဇင်ဘာလ ၆ ရက်တွင် အဆိုပါ ဝန်ကြီးဌာနက စတင် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

“ခေတ္တ ပိတ်သိမ်းမှုကတော့ ရက် အကန့်အသတ် မရှိပါဘူး။ ဟိုဘက်က ဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေကို ကာကွယ်တဲ့အနေနဲ့ ရပ်ဆိုင်းလိုက်တာပါ။ မလေးဘက်က ရပ်ဆိုင်းတာ မဟုတ်ပါဘူး။ မြန်မာဘက်က မပို့တော့တာပါ”ဟု နေပြည်တော် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ဆိုသည်။

အလုပ်သမား စေလွှတ် ခေါ်ယူခွင့် ပြုပြီးသည့် အလုပ်ခေါ်စာ (Calling Letter) များအတွက် ပို့ဆောင်ပေးမည့် အေဂျင်စီများ အနေနှင့် အလုပ်သမားများအပေါ် အပြည့်အဝ တာဝန်ယူသည်ဟူသော ကတိပြု လက်မှတ် ရေးထိုးမှုဖြင့်သာ စေလွှတ်ခွင့် ပြုထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာလုပ်သားခေါ်ယူမှု ရပ်ဆိုင်းရန် မလေးရှားနိုင်ငံတွင် လှုံ့ဆော်မှုများ ရှိသည့်အပြင် ယခုရက်များအတွင်း မလေးရှား နိုင်ငံရှိ နိုင်ငံရေး ပါတီများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် NGOs များ ဦးဆောင်၍ မြန်မာသံရုံးသို့ လာရောက် ဆန္ဒပြခြင်းများ ရှိနေသောကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို သတိပြု သွားလာကြရန် မြန်မာသံရုံး(ကွာလာ လမ်ပူ)က ထုတ်ပြန်ထားသည်။

“လေယာဉ်လက်မှတ် ဖြတ်ပြီးသား အေဂျင်စီတွေနဲ့ အခမဲ့ စနစ်နဲ့ ပို့ဆောင်ဖို့ စီစဉ်ထားတဲ့ အေဂျင်စီတွေကတော့ မဖြစ်မနေ ပို့ရမှာပဲ။ နောက်မို့ဆို မပို့ဖြစ်ရင် ပြန်လျော်ရမှာတွေက ပမာဏ များတယ်။ အခုလိုမျိုး မလေးမှာ တစ်ခုခု ဖြစ်ရင် အေဂျင်စီက အလုပ်သမားတွေကို ပြန်ခေါ်ပေးရမယ်ဆိုတဲ့ ခံဝန် ကတိကလည်း ပို့ဆောင်ရမယ့် အေဂျင်စီတွေအတွက် အကျပ် တကယ်ရိုက်စေတယ်”ဟု မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ်၊ မလေးရှားနိုင်ငံ လုပ်ငန်း ကော်မတီ ခေါင်းဆောင် ဦးသန်းထွဋ်ဦးက ဆိုသည်။

လက်ရှိတွင် မလေးရှားနိုင်ငံမှ မြန်မာလုပ်သား ခေါ်ယူမှုအတွက် ပြောင်းလဲမှု မရှိသေးဘဲ လစဉ် နှစ်ထောင်ကျော်မှ သုံးထောင်ခန့်အထိ မြန်မာ အလုပ်သမားများကို ပို့ဆောင်နေရပြီး အလုပ် လုပ်ကိုင်ခွင့် သုံးနှစ် ရရှိကာ အနည်းဆုံး တစ်လလျှင် လုပ်ခရင်းဂစ် တစ်ထောင် ရရှိကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းရှင်များထံမှ သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အောက်တိုဘာလအထိ စာရင်းများအရ မလေးရှားနိုင်ငံတွင် တရားဝင် ရွှေပြောင်း အလုပ်သမား တစ်သိန်း ကိုးသောင်းကျော် ရှိကြောင်း ထုတ်ပြန်ထားပြီး လက်ရှိ မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း မြန်မာလုပ်သား ငါးသိန်းမှ ခုနစ်သိန်းကျော်အထိ ရှိနိုင်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ သိရသည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ဦးဆောင်၍ မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာ ဆန္ဒပြမှု ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက အာဆီယံ ပဋိညာဉ်ကို ချိုးဖောက်ရာ ရောက်ကြောင်း တုံ့ပြန် ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေသော မလေးရှား ဝန်ကြီးချုပ် ဦးဆောင်သည့် ဆန္ဒပြမှုများကို ကန့်ကွက်ရှုတ်ချသည့် အနေနှင့် ရဟန်း သံဃာတော်များနှင့် မြန်မာနိုင်ငံသားများက ဒီဇင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့ မလေးရှားသံရုံးရှေ့၊ ဒီဇင်ဘာလ ၄ ရက်တွင် မြို့တော်ခန်းမရှေ့များ၌ ဆန္ဒပြခဲ့သည်။

J-14

No comments: