Monday, December 5, 2016

ရန်ကုန်မြို့တော်တွင် နှစ်ရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၎

ရာဇဝတ်မှုများ စံချိန်တင် မြင့်တက်နေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် တစ်ရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံရမှု ဖြစ်ပွားနေကြောင်း မှုခင်းဖြစ်စဉ်များအရ သိရသည်။ 

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာ လ ၃၀ ရက်အထိ ၁၁ လအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် လူသတ်မှု ၁၆၈ မှု ဖြစ်ပွားခဲ့ရာ နိုဝင်ဘာလတွင် တစ်လအတွင်း လူသတ်မှု ၂၅ မှုအထိ စံချိန်တင် အမှုမြင့်တက်လာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“လူသတ်မှုဖြစ်စဉ် အများစုက အရက်သေစာ သောက်စားရာက အချင်းများပြီး စဖြစ်တာ များတယ်၊ ပြစ်မှုဖြစ်စဉ် အတော်များများကို ရဲတပ်ဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး မဖော်နိုင်သေးတဲ့ လူသတ်မှုအချို့ကို ရဲတပ်ဖွဲ့နဲ့ စီအိုင်ဒီအဖွဲ့ ပူးပေါင်းစစ်ဆေးနေတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ်တွင် ရဲအရာရှိနှင့် မိသားစုဝင်များ အသတ်ခံရသော လေးလောင်းပြိုင် လူသတ်မှု၊ ဒေါပုံမြို့နယ် ငမိုးရိပ်ချောင်းအတွင်း ဦးခေါင်းဖြတ်၊ ဗိုက်ဖောက်ထုတ်ခံရသည့် မိန်းကလေးငယ် အမှုနှင့် ယမုံနာလမ်းမကြီးဘေးတွင် အမျိုးသားတစ်ဦး ရိုက်သတ်ခံရမှု၊ ဗဟန်းမြို့နယ် ရွှေဂုံရိပ်မွန် အိမ်ရာတွင် အမျိုးသားတစ်ဦး လက်ပြန်ကြိုးတုပ် အသတ်ခံရမှု၊ မြောင်းတကာ စက်မှုဇုန်ရှိ နေအိမ်တစ်လုံးတွင် အမျိုးသမီးတစ်ဦး လည်လှီးအသတ်ခံရမှု၊ သုံးခွချောင်းဘေးတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးမှု၊ အဖျောက်မြို့ လူမနေသည့် ခြံထဲတွင် အမျိုးသမီးတစ်ဦး အသတ်ခံရမှုများအပြင် ခရမ်းမြို့နယ်တွင် ပထမနှစ်ကျောင်းသူ ညီအစ်မနှစ်ဦး အသတ်ခံရမှုတို့တွင် ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

“မနှစ်က လူသတ်မှု ၁၉၀ မှုအထိ ဖြစ်ခဲ့တယ်၊ တစ်မှုတည်း မဖော်ထုတ်နိုင်ခဲ့တာပါ၊ ဒါပေမဲ့ ဒီနှစ်ထဲမှာ မဖော်ထုတ်နိုင်တဲ့ အမှုတွေ ပိုများလာတယ်၊ အဓိက နည်းပညာပိုင်းဆိုင်ရာ အားနည်းမှုနဲ့ ရဲတပ်ဖွဲ့ အင်အား နည်းပါးမှုကြောင့်ပါ၊ ဒုစရိုက်မှု ကင်းမဲ့တဲ့ ရန်ကုန်မြို့တော် ဖြစ်အောင် ရဲတပ်ဖွဲ့ တစ်ခုတည်းနဲ့ ဘယ်လိုမှ အကောင်အထည် မဖော်နိုင်ဘူး၊ ပြည်သူပါ ပူးပေါင်းပါဝင်မှ အောင်မြင်မှာ” ဟု ရဲအရာရှိတစ်ဦးက ဆိုသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးတွင် မုဒိမ်းမှုနှင့် လုယက်မှုများ နေရာအနှံ့ ဖြစ်ပွားခဲ့ပြီး ယခုနှစ် ၁၁ လအတွင်း မုဒိမ်းမှုပေါင်း ၂၁၂ မှုအထိ ဖြစ်ပွားခဲ့ရာတွင် သက်ငယ်မုဒိမ်းမှု ထက်ဝက်ကျော် ပါဝင်ခဲ့ကြောင်း၊ လုယက်မှုပေါင်း ၁၅၂ မှု ဖြစ်ပွားခဲ့ရာတွင် မြို့လယ်ကောင် ပြန်ပေးဆွဲ ခြိမ်းခြောက်ငွေတောင်းယူမှုနှင့် သေနတ်ပစ်ဖောက် လုယက်မှုများအထိ ပါဝင်ခဲ့ပြီး တရားခံအများစုကို မမိသေးကြောင်း သိရသည်။ 

No comments: