Monday, December 5, 2016

ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအား ရှုတ်ချသည့် လူထုဆန္ဒပြပွဲတွင် ပါဝင်သော မလေးရှားဝန်ကြီးချုပ်အား တန်ပြန်ကန့်ကွက်ရှုတ်ချမှုအဖြစ် ရန်ကုန်မြို့၌ ဆန္ဒပြပွဲပြုလုပ်


လူထုဆန္ဒပြပွဲတွင် ပါဝင်သည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်အား တန်ပြန်ကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်စဉ်

မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံအား ရှုတ်ချသော လူထုဆန္ဒပြပွဲတွင် ပါဝင်သည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်အား တန်ပြန်ကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။

“မလေးရှားဝန်ကြီးချုပ် ဦးဆောင်၍ လူမျိုးလိမ် ဖိအားပေး တောင်းဆိုလာမှုအား တန်ပြန်ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ်ဖော်မှု”  ဟု အမည်ပေးထားသည့် အဆိုပါဆန္ဒပြပွဲကို  အမျိုးသားရေး လှုပ်ရှားသူများ ညွန့်ပေါင်းအဖွဲ့မှ ပြုလုပ်ခြင်းဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်သို့ ကြိုတင်စာတင်ထားကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုနောင်တော်လေးက ပြောကြားသည်။

“လူမျိုးလိမ်ကို တွင်တွင်ကျယ်ကျယ် ဖိအားပေး တောင်းဆိုနေတယ်။ ကျွန်တော်တို့ ဘယ်တော့မှ လက်ခံလို့မရဘူး။ ဘယ်နိုင်ငံက တောင်းဆိုလာသည်ဖြစ်စေ ကျွန်တော်ကန့်ကွက်မှာပါ။ မလေးရှားဝန်ကြီးချုပ်ဟာ သူဦးဆောင်ပြီးတော့ ရခိုင်ပြည်နယ်က ဘင်္ဂါလီကိစ္စကို တောင်းဆိုလာတယ်။ သူဟာ သမိုင်းအမှန်ကို မလေ့လာတာပဲ။ အလိမ်အညာ ၀ါဒဖြန့်မှုတွေကို သူတို့က လိုက်ရပ်တည်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ပြောတာ လူမျိုးလိမ်ဘက်က ရပ်တည်နေတာ အကြမ်းဖက်အားပေးလုပ်ရပ်ပဲ”ဟု ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုနောင်တော်လေးက ပြောကြားသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သည့် တန်ပြန်ဆန္ဒပြပွဲတွင် လူဦးရေ ၃၀၀  ခန့် ပါဝင်လှုပ်ရှားခဲ့ပြီး မြန်မာ့ပြည်တွင်းရေးအား ဖိအားပေးနေသော မလေးရှားဝန်ကြီးချုပ်အား ကန့်ကွက်ရှုတ်ချသည်။ အကြမ်းဖက်အားပေး လူမျိုးလိမ်အခွင့်အရေး တောင်းဆိုနေသော မလေးရှားဝန်ကြီးချုပ် မြန်မာ့သမိုင်းကို လေ့လာပါ စသည့်စာတန်းများပါ ဗီနိုင်းများကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

ထို့ပြင် မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတစ်ခု၌ မြန်မာနိုင်ငံအလံအား မီးရှို့နေသူများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံအား ကွန်ပျူတာဖြင့် ပြုပြင်ဖန်တီးထားသည့်ပုံများ ကိုင်ဆောင်သူများ၏ ဓာတ်ပုံများ ပါဝင်၍  “မြန်မာနိုင်ငံ၏  နိုင်ငံတော်အလံနှင့် နိုင်ငံ့ခေါင်းဆောင်များကို စော်ကားသော လုပ်ရပ်သည် အကြမ်းဖက်သမားများ၏ သရုပ်မှန်ကို ဖော်ထုတ်ပြသခြင်းပင် ဖြစ်သည်” စာသား ပါဝင်သော ဗီနိုင်းကိုလည်း ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

အောက်တိုဘာ ၃ ရက်ကလည်း ရန်ကုန်မြို့၊ ပြည်လမ်းရှိ မလေးရှားသံရုံးရှေ့တွင်  အမျိုးသားရေးလှုပ်ရှားသူ ဆရာတော် ဦးပါမောက္ခက  မြန်မာနိုင်ငံကို ရှုတ်ချသည့် ဆန္ဒထုတ်ဖော်ပွဲသို့ ပါဝင်သည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်အား ကန့်ကွက်သည့်အနေဖြင့် တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။

Writer: 

ကြည်နိုင်

Eleven Media

No comments:

Post a Comment