Tuesday, December 13, 2016

လွှတ်တော်အမတ်ကို ခြိမ်းခြောက်ခဲ့သည် ဆိုသောအဖွဲ့အား စစ်ဆေး

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးညီညီကို ဆဲဆို ခြိမ်းခြောက်ခဲ့သည် ဆိုသော အငှားယာဉ် တစ်စီးပေါ်မှ အမျိုးသား ငါးဦးကို ဒီဇင်ဘာလ ၁၂ ရက် ညက ဒဂုံတောင်မြို့မ ရဲစခန်းတွင် စစ်ဆေးခဲ့သည်။

စစ်ဆေးခံသူများမှာ သာကေတမြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက် ည ၁၀ နာရီက ကျိုက်ထီးရိုးဘုရားဖူးပြီး ယာဉ် လေးစီးဖြင့် ပြန်လာချိန် နောက်ဆုံးယာဉ်ပေါ်တွင် လိုက်ပါလာသူများနှင့် လွှတ်တော်အမတ် ဦးညီညီ မောင်းသည့်ယာဉ် ယာဉ်ကြော လုမောင်းရာမှ နှစ်ဖက် အချင်းများခဲ့ကြပြီး ဦးညီညီနှင့် ရန်ညှိုး ရန်စ ရှိသူများ မဟုတ်ကြောင်း စစ်ဆေးခံသူများ၏ ထွက်ဆိုချက်အရ သိရသည်။

“လမ်းဘေးကားရပ်ပြီး အပေါ့ သွားခဲ့ရာက ဘုရားဖူးအဖွဲ့ ကားတွေနဲ့ ကွဲကျန်ခဲ့တယ်။ ကားပြန်မောင်းလာရင်း ဦးညီညီကားနဲ့ တွေ့ခဲ့တာ။ အခုမှ ဦးညီညီကားမှန်း အခု ရဲစခန်းရောက်မှ ကျွန်တော်တို့ သိခဲ့တာပါ။ သူကားက လမ်းရှင်းနေတာကို ပေးမကျော်ခိုင်းဘဲ ပိတ်မောင်းနေလို့ စကားများပြီး ဆဲဆိုခဲ့ကြတာ”ဟု စစ်ဆေးခံရသူအဖွဲ့မှ အမျိုးသား တစ်ဦးက ထွက်ဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက် ညပိုင်းက လေးထောင်ကန်ကျေးရွာတွင် ပြုလုပ်သည့် မြို့နယ် NLD ပါတီရုံးခန်း ရန်ပုံငွေ ရှာဖွေပွဲမှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ နေအိမ်သို့ မော်တော်ယာဉ်ဖြင့် ပြန်လာသော လွှတ်တော်အမတ် ဦးညီညီကို အမျိုးသား ငါးဦးပါ ဟွန်ဒါ အမျိုးအစား နက်ပြာရောင် အငှားယာဉ် တစ်စီးမှ လိုက်လာပြီး ဘေးချင်းယှဉ်မောင်း၍ ဆဲဆို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ဦးညီညီက ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အငှားယာဉ်ပေါ်ပါ အမျိုးသား ငါးဦးတွင် ကိုးတန်းကျောင်းသား တစ်ဦး ပါခဲ့ပြီး နယ်မြေသတင်းအရ ၎င်းတို့မှာ အခြေအနေမဲ့ လူတန်းစားများ မဟုတ်ဘဲ လွှတ်တော်အမတ် ဦးညီညီ၏ ကားနှင့် ယာဉ်ကြော လုမောင်းကြရာမှ အချင်းများခြင်းသာ ဖြစ်နိုင်ကြောင်း ရဲအရာရှိ တစ်ဦးက မှတ်ချက်ပေးသည်။ 

“ညဘက် လမ်းရှင်းနေချိန်မို့ ရှေ့ကားကို ကျော်တက်တယ်။ လွှတ်တော်အမတ် ကားမှန်း မသိခဲ့ဘူး။ သူက ကားက လမ်းမပေးဘူး။ ပိတ်မောင်းတယ်။ အချက်ပြမီး ဖွင့်ပြီး ကျော်တက်ဖို့ လမ်းတောင်းလဲ မပေးဘူး။ စိတ်ဆိုးပြီး ကားပေါ်က ကျွန်တော်တို့အဖွဲ့က ဆဲမိတယ်။ အွန်လိုင်းမှာ ပျံ့နေတဲ့သတင်းလို လွှတ်တော်အမတ်ကို သတ်မယ်ဖြတ်မယ် ဆဲဆိုခြိမ်းခြောက်တယ်ဆိုတာက လုံးဝ မဟုတ်ပါဘူး”ဟု အမှုဖွင့်ခံရသူ ငါးဦးအဖွဲ့မှ အမျိုးသား တစ်ဦးက ဆိုသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် NLD ပါတီရုံးတွင် ဒီဇင်ဘာ ၁၂ ရက် ညနေက ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အငှားယာဉ် တစ်စီးဖြင့် လိုက်လံ ခြိမ်းခြောက်သူများက မိမိ မောင်းနှင်သည့် ယာဉ်ရှေ့ ပိတ်ရပ်ခဲ့သောကြောင့် ရန်ပြုခံရမည်ကို စိုးရိမ်ပြီး ရဲစခန်းသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ကာ အကူအညီ တောင်းခဲ့ကြောင်း မီဒီယာများကို ပြောကြားသည်။

အဆိုပါ အမှုကို ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၅၀၆ /၁၁၄ ဖြင့် အမှုဖွင့် ထားကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရဲစခန်းထံမှ သိရသည်။
The voice

No comments:

Post a Comment