Monday, December 12, 2016

ရှမ်းမြောက်တိုက်ပွဲများ ဆက်ဖြစ်မည်စိုး၍ ဒေသခံများ လားရှိုးသို့ ရွှေ့ပြောင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့အနီးတွင် မြောက်ပိုင်း မဟာမိတ်တပ်များ ပြောင်းရွှေ့ အခြေစိုက်သည့် သတင်းများကြောင့် မြန်မာ့ တပ်မတော်နှင့်  တိုက်ပွဲများ ဖြစ်မည်ကို စိုးရိမ်၍ ဒေသခံ စစ်ဘေးရှောင်များ လားရှိုးသို့ ရွှေ့ပြောင်းနေကြောင်း ယင်းဒေသခံများမှ သိရ သည်။

နမ္မတူနှင့် လားရှိုး ကားလမ်း တစ်လျှောက်တွင် မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်တပ်များ ရွှေ့ပြောင်း နေရာ ယူလာသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး ဒေသခံများက တိုက်ပွဲများ ပြင်းထန်မည်ကို စိုးရိမ်သောကြောင့် လားရှိုးသို့ ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း လာရှိုးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

နမ္မတူမြို့နယ် နားဆိုင်းကျေးရွာနှင့် ပန်ခဉ်ကျေးရွာမှ ဒေသခံပြည်သူ လေးရာ ကျော်ခန့် လားရှိုးမြို့ဘက်ကို ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ပြီး လားရှိုး မန်ဆူကျောင်းတိုက်၌ ဒီဇင်ဘာလ ၁ဝ ရက်နေ့က စတင်ပြီး လာရောက်ခိုလှုံနေရကြောင်း၊ လတ်တလောအထိ စစ်ဘေး ရှောင်သူ လေးရာကျော်ခန့်ရှိကြောင်း  ယင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆို သည်။

မုံးကိုးမြို့ကို တပ်မတော်က ဒီဇင်ဘာလဆန်းတွင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များက ရှမ်းမြောက်ဒေသတွင် တပ်ပြန်ဆုတ်၍ ခွဲဖြန့်နေရာ ယူခဲ့ရခြင်း ဖြစ်သည်။

နမ္မတူ - လားရှိုး လမ်းပေါ်တွင် မြောက်ပိုင်း မဟာမိတ်တပ်များ ပြောင်းရွှေ့နေရာ ယူထားသည့် သတင်းမှာ ဟုတ်မှန်ခြင်း မရှိဘဲ ယင်းဒေသတွင် တအာင်းတပ်များ ယခင်ကတည်းက တပ်စွဲထားခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြားသည်။

“အရင်ကတည်းက ဒီမှာ ကျွန်တော်တို့ တပ်ရင်း နှစ်ရင်း ချထားတာ ရှိပါတယ်။ မူဆယ်၊ မုံးကိုးမှာ တိုက်ပွဲ ဖြစ်နေကတည်းက ဒီဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်တာရှိတယ်”ဟု ၎င်းက ဆိုသည်။

မြောက်ပိုင်း မဟာမိတ် လှုပ်ရှား တပ်များ အနေနှင့် မုံးကိုးမြို့ပေါ်မှ ရှောင်ထွက်သွားပြီး ယင်းဒေသ၌ပင် လှုပ်ရှားမှု ပြုလုပ်နေကြောင်း၊ တပ်နေရာ ရွှေ့ပြောင်းခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

မြောက်ပိုင်းတွင် စတင် တိုက်ခိုက်ခဲ့ပြီး တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာသွားသည့် မဟာမိတ်တပ်များကို လိုက်လံချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

လက်ရှိတွင် မုံးကိုးမြို့မှ နေရပ်စွန့်ခွာ  တိမ်းရှောင်သွားသည့် စစ်ဘေးရှောင် ပြည်သူများအနေနှင့် မိမိတို့ နေရပ်သို့ ပြန်လာရန် ဒီဇင်ဘာလ ၉ ရက်နေ့က စတင်၍ စစ်ဆေးလက်ခံလျက်ရှိကြောင်း၊ လက်ရှိတွင် လူဦးရေ တစ်ထောင်ကျော်ကို စိစစ် လက်ခံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သိရသည်။

J-08

THE VOICE

No comments: