Friday, December 16, 2016

ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် မိမိတို့ကြောင့် မိမိပါတီဂုဏ်သိက္ခာ မထိခိုက်စေချင်ဘူး၊ မိမိတို့ကို ရွေးချယ်ခဲ့တဲ့ ပြည်သူတွေကို ဒီ့ထက်ပိုပြီး စိတ်မပျက်စေချင်ဘူး - နာကျည်းမှု မဖြစ်စေချင်ဘူး ဆိုရင် တာဝန်ယူမှု တာဝန်ခံမှုရှိစွာနဲ့ အစိုးရအဖွဲ့က နှုတ်ထွက်ပေးသင့်ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့နှုတ်ထွက်ပေးပါ

လောကကြီးမှာ လူတွေဟာ ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်လမ်းကိုဆက်ရတယ်။ ဒီလိုဆက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ငြိစွန်းတာတွေရှိလာတယ်။ ဒါတွေကို ဖြေရှင်းဖို့ အများထဲက သင့်လျော်ရာလူတစ်စုကို ရွေးချယ်ပြီး အဖွဲ့တစ်ခုဖွဲ့စည်းတယ်။ ဒါဟာ ဒီမိုကရေစီ သဘောတရားပါပဲ။ ရွေးချယ်တဲ့သူတွေက ပြည်သူ ဖြစ်ပြီး ရွေးချယ်ခံ အဖွဲ့က အစိုးရပါပဲ။ ပြည်သူတို့ သူလမ်းသူဆက်နိုင်အောင် အစိုးရက စီမံနိုင်ရမယ်။ အစိုးရ ကောင်း၊ တော်၊ ညံ့၊ ချာ ကို ပြည်သူတွေ အဆင်ပြေအောင် စီမံနိုင်မှုရှိ/မရှိနဲ့ ဆုံးဖြတ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ လူအများစုအကျိုးကို ကြည့်တာမှန်ပေမယ့် လူနည်းစုအကျိုးကိုလည်း ကြည့်ရမှာပါ။ အစိုးရကို ပြည်သူက မကြိုက်ဘူး ဝါ သူ့လုပ်ဆောင်ချက်တွေက "ချာ" အဆင့်မှာ ရှိတယ်ဆိုရင်တော့ ဒီအစိုးရ ဆင်းပေးရပါလိမ့်မယ်။ မဆင်းပေးဘူးဆိုရင်တော့ အာဏာကို ဆက်လက်စွဲကိုင်လိုတဲ့ တနည်း ဒီမိုကရေစီမှ ဖယ်ခွာသွားတဲ့ အာဏာရှင် အစိုးရပေါ့။

ဒါက ကျွန်တော် ဒီမိုကရေစီသဘောတရားအကျဉ်းကို ထပ်မံအကျဉ်းချုပ်ပြီး ရှင်းပြတာပါ။ အကျယ်ပြောမယ်ဆို တာဝန်ယူမှု တာဝန်ခံမှုကစပြောရမှာပါ။ သဘောတရား အနှစ်ချုပ်ပြောရရင်တော့ ပြည်သူ့ယုံကြည်မှုကိုလက်ခံရရှိသူများ ဖြစ်တဲ့အစိုးရသည် ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးနိုင်ရမယ်။ ပြည်သူ့အကျိုးမဲ့တာဖြစ်လာရင် ဆင်းပေးရမယ်။

လမ်းဘေးဈေးသည်များကို ဖမ်းဆီးနေတာတွေ တွေ့ရပါတယ်။

ကျွန်တော် ရန်ကုန်မြို့နေပြည်သူတစ်ဦး မဟုတ်တဲ့အတွက် ရန်ကုန်ပြည်သူများရဲ့ လမ်းဘေးဈေးသည်များနဲ့ ပတ်သက်တဲ့ ခံစားချက် အမြင်သဘောထားကို မသိပါဘူး။ မြန်မာနိုင်ငံ ဒုတိယအကြီးဆုံးမြို့ မန္တလေးမြို့နေ ပြည်သူတစ်ယောက်အနေအထားနဲ့ ပြောရရင်တော့ တစ်ချို့အချက်တွေမှာ စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေရှိပေမယ့် သူတို့လည်း သူတို့ဘဝရပ်တည်ရေး အလုပ်လုပ်ကြတာဖြစ်လို့ နားလည်ပေးနိုင်ပါတယ်။ ရန်ကုန်ပြည်သူများလည်း ထို့အတူနေမှာပါ။ စည်ပင်သိမ်းတာခံရတာကိုမြင်တော့ သူတို့ထမင်းအိုးရိုက်ခွဲခံရသလိုဖြစ်မယ်ဆိုပြီး သူတို့နေရာကနေခံစား စိတ်မကောင်း ဖြစ်ရပါတယ်။

ကျွန်တော်ပြောချင်တဲ့ပွိုင့်က အစိုးရ ဝါ ရန်ကုန်တိုင်းအစိုးရ၏ လုပ်ဆောင်မှုကို ကာယကံရှင် လူနည်းစုလည်း မကြိုက်ဘူး။ ရန်ကုန်ပြည်သူ လူများစုလည်း မကြိုက်ဘူး။ လုပ်ဆောင်မှုသည် "ချာ" တဲ့ အဆင့်မှာ ရှိတယ်။ mismanagement ဖြစ်နေတယ်။

လက်ရှိအစိုးရသည် ပြည်သူက ဒီမိုကရေစီနည်းကျတင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရပါ။ ဒီမိုကရေစီအစိုးရပါ။ ပြည်သူ့အစိုးရသည် ပြည်သူ့အကျိုးမဲ့ကို ဖြစ်စေရင်၊ ပြည်သူ့က မကြိုက်တော့ရင်... ဒီမိုကရေစီအစိုးရသည် လုပ်ဆောင်မှု ညံ့ဖျင်းလွန်းပြီး ပြည်သူ့ကိုယ်စားပြုအစိုးရ မဖြစ်ထိုက်တော့ရင်... အစိုးရအဖြစ်က နှုတ်ထွက်ဖို့ သင့်ပါတယ်။

ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် မိမိတို့ကြောင့်  မိမိပါတီဂုဏ်သိက္ခာ မထိခိုက်စေချင်ဘူး၊ မိမိတို့ကို ရွေးချယ်ခဲ့တဲ့ ပြည်သူတွေကို ဒီ့ထက်ပိုပြီး စိတ်မပျက်စေချင်ဘူး - နာကျည်းမှု မဖြစ်စေချင်ဘူး ဆိုရင် တာဝန်ယူမှု တာဝန်ခံမှုရှိစွာနဲ့ အစိုးရအဖွဲ့က နှုတ်ထွက်ပေးသင့်ပါတယ်။

No comments: