ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အမှတ်(၂) ရဲစခန်းတွင် အောက်တိုဘာ ၂၈ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Facebook ပေါ်တွင်ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာသည်ဟုဆိုကာ မစန္ဒီမြင့်အောင်အား (ပ)/၈၆၂ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ထားသော်လည်း CID စစ်ချက် မရသေး၍ ဖမ်းဆီးခွင့် မရှိသေး ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မလင်းလဲ့လဲ့လှိုင်(၁၈ နှစ်) အဘဦးဌေးနိုင်( ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင်) ကျွန်းသာယာရပ်ကွက် အဝေးပြေးယာဉ်ဝင်းသစ် အတွင်းနေထိုင်သူမှ မစန္ဒီမြင့်အောင် (၁၉ နှစ်) အဘဦးမြင့်အောင်( ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အလုပ်အမှုဆောင်) ကလျာဏီရပ်ကွက် ရွှေပြည်တန် ၂ လမ်းနေသူကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ညစ်ညမ်းစာများရေးပြီး Facebook တွင် ရေးသားဖော်ပြခဲ့ကြောင်း ပုံ ၁၀ ပုံ အပါအ၀င် အထောက်အထားများဖြင့် အမှတ်(၂)ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့၍ ဒုရဲအုပ်သန်းထွန်း မှ (ပ)/၈၆၂ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ CID က စစ်ချက်ကို စောင့်နေပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ရမယ်လို့တော့ ပြောတယ်။ ကျန်တာတွေ အကုန်စစ်ပြီသွားပြီ။ CID က စစ်ချက်ယူဖို့ နေပြည်တော်အထိ သွားရတာ။ စစ်ချက်ရတာနဲ့ ကျန်တာတွေ ဆက်လုပ်သွားမှာပါ” ဟု ပဲခူးမြို့ အမှတ် (၂) စခန်းမှ တာဝန်ရှိ ရဲအုပ်တစ်ဦးက ပြောကြားသည်။
ယခုအချိန်တွင် မြန်မာနိုင်ငံတစ်ဝန်း၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူမှုများ ဖြစ်ပေါ်နေပြီး အဆိုပါ ဆက်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ နိုင်ငံတော်အကြီးအကဲနှင့် အစိုးရ၀န်ထမ်း အကြီးအကဲများကို ပုတ်ခတ်စော်ကားမှသာ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူလေ့ရှိပြီး သာမန်ပြည်သူများက တိုင်ကြားသောအခါ အမှုဖွင့် အရေးယူပေးလေ့မရှိခြင်းကြောင့် မျှတမှု မရှိကြောင်း ပြောဆိုနေကြသည်။
Writer:
မောင်အေး (ပဲခူး)
No comments:
Post a Comment