နိုဝင်ဘာ ၁၃ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် တရားလွှတ်တော်ရှေ့နေ ဦးကျော်လင်းက ပုဒ်မ ၆၆ (ဃ) နှင့် ပတ်သက်ပြီး ရှင်းလင်းစဉ် (ဓာတ်ပုံ-သက်မင်း)
သတင်းမီဒီယာဥပဒေ ရှိနေသည့်ကြားက သတင်းမီဒီယာဥပဒေဖြင့် တရားစွဲဆိုခြင်းမပြုဘဲ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် EMG CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ်ဦးဝေဖြိုးတို့အား ဥပဒေနှင့်မညီသည့်အပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တွင် အာမခံမပေးရဟု ပြဋ္ဌာန်းမထားသည့်အတွက် အာမခံပေးသင့်ကြောင်း ဥပဒေအထောက်အထားများဖြင့် ရှင်းပြကာ တရားလွှတ်တော်ရှေ့နေတစ်ဦးက သတင်းစာရှင်းလင်းခဲ့သည်။
နိုဝင်ဘာ ၁၃ ရက်နံနက်ပိုင်းက မြန်မာ ဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် တရားလွှတ်တော်ရှေ့နေ ဦးကျော်လင်းက ယင်းကဲ့သို့ ဂျာနယ်လစ်များ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးခံရခြင်းသည် ဥပဒေနှင့်မညီကြောင်း ဥပဒေအထောက်အထားများဖြင့် သတင်းစာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရေးဥပဒေသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး သတင်းမီဒီယာ ဥပဒေသည် ၂၀၁၄ ခုနှစ် မတ်လက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၃ (ဆ) ပါ ပြဋ္ဌာန်းချက်များအရ ရှေးဦးကျသော ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်နှင့် နောက်ကျသော ဥပဒေပြဋ္ဌာန်းချက်တို့ ကွဲလွဲဆန့်ကျင်နေပါက နောက်ကျသော ဥပဒေပြဋ္ဌာန်းချက်သည် အတည်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် နောက်ကျသော သတင်းမီဒီယာ ဥပဒေဖြင့် အရေးမယူဘဲ အရင်ထွက်ရှိထားသော ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ခြင်းသည် ဥပဒေနှင့် လျော်ညီမှုမရှိကြောင်း၊ ထို့ ပြင် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂။ (က) ပါ သတင်းမီဒီယာ ဆိုသည်မှာ ဟူသော ပြဋ္ဌာန်းချက်အရ ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အယ်ဒီတာ တာဝန်ယူမှုရှိသော အင်တာနက်မီဒီယာဟု ပြဋ္ဌာန်းထားသည့်အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရသူ နှစ်ဦးသည် ဂျာနယ်လစ်များဖြစ်ခြင်းကြောင့် သတင်းမီဒီယာဥပဒေဖြင့်ပင် အရေးယူသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်လင်းက သတင်းစာရှင်းလင်းသည်။
“ဒီဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)အပြင်ကို ကျန်တဲ့ ဥပဒေတွေနဲ့ပါ တရားစွဲဆိုမယ်လို့လည်း သိနေရတယ်။ ၁၉၇၃ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ ပုဒ်မ၂၂ မှာကျတော့ ဥပဒေနှစ်ရပ် ဒါမှမဟုတ် နှစ်ရပ်ထက်ပိုတဲ့ ပြစ်မှုမြောက်ရင် ဥပဒေတစ်ရပ်ရပ်နဲ့သာ တရားစွဲဆို အပြစ်ပေးရမယ်လို့ ဖော်ပြထားတာလည်းရှိတယ်။ အဲဒီဥပဒေ ဖျက်လိုက်ပြီလား။ ဖျက်လိုက်ပြီဆိုရင်တော့ တစ်မျိုးပေါ့။ မဖျက်သေးရင်တော့ ကျုပ်ကြိုက်တာ ကျုပ်လုပ်မယ်ဆိုပြီး လုပ်လို့မရဘူး။ ဥပဒေအတိုင်းပဲလုပ်ရမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်လင်းက ပြောကြားသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၀ တွင် ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်ဟု ပြဋ္ဌာန်းထားသည်။ ဆက်သွယ်ရေးဥပဒေသည် other law ဟုခေါ်သည့် အခြားဥပဒေ တစ်ရပ်ဖြစ်ရာ ရာဇ၀တ်ကျင့်ထုံး ဥပဒေဇယား-၂ အရ အခြားဥပဒေကို ကျူးလွန်သူ များသည် ထောင်ဒဏ် တစ်နှစ်နှင့်အထက် သုံးနှစ်အောက် ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုဖြစ်ပါက ၀ရမ်းမပါဘဲ ဖမ်းဆီးနိုင်ကြောင်း၊ အာမခံပေးနိုင်ကြောင်း အတိအလင်း ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ပါ ပြဋ္ဌာန်းချက်အရ ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်စလုံး ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ရာဇသတ် ကျင့်ထုံးဥပဒေအရ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲဆိုခံရသော်လည်း အချုပ်လွတ် အာမခံ ပေးကိုပေးရမည်ဟု အဆိုပါရှေ့နေက ရှင်းလင်းပြောကြားသည်။
“ဆက်သွယ်ရေးဥပဒေ ပုဒ်မတွေကို ထပ်ပြဋ္ဌာန်းထားလိုက်။ ရဲအရေးလည်း ပိုင်တယ်။ အာမခံလည်း ပေးလို့မရဘူးဆိုပြီး ပြဋ္ဌာန်းလိုက်၊ ထပ်ဖြည့်ပြီး ပြဋ္ဌာန်းလိုက်၊ ဥပဒေမှာလည်း မပြဋ္ဌာန်းထားရင်တော့ တို့လုပ်ချင်ရာ လုပ်မယ်ဆိုပြီး လုပ်မယ်ဆိုရင်တော့ ဥပဒေဟာ လက်လွတ်စပယ် ဖြစ်နေပါမယ်။ ဒီလို မလုပ်ကောင်းပါဘူး။ ဥပဒေဆိုတာ အင်မတန်တိကျပါတယ်။ စာလုံး တစ်လုံးချင်းစီအရကို လေးစားရပါတယ်” ဟု ပြောကြားသည်။
Writer:
သက်မင်း
No comments:
Post a Comment