Monday, November 14, 2016

စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group ၏ ဒုတိယအကြိမ် ကထိန်အလှူပွဲ ကျင်းပ

ပွင့်တောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group ၏ ဒုတိယအကြိမ် ကထိန်အလှူပွဲ ကျင်းပနေစဉ်

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group ၏ ဒုတိယအကြိမ် ကထိန်အလှူပွဲကို နိုဝင်ဘာ ၁၃ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်တောက်ကျေးရွာသည် ၂၀၁၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းက မုန်းချောင်းရေကြီးမှုကြောင့် ရွာဦးစေတီ၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း အပါအ၀င် နေအိမ်အားလုံး သဲထိုး နစ်မြုပ်ခဲ့ကြောင်း၊ ထို့ကြောင့် Eleven Media Group နှင့် စေတနာရှင်အလှူရှင်များ ရေဘေးလှူဒါန်းမှု အစီအစဉ်က အဆိုပါကျေးရွာအတွက် ဆန်အိတ် ၅၀၀ ကို ကနဦးလှူဒါန်းခဲ့ကြောင်း၊ ထို့နောက် သဘာဝဘေးအန္တရာယ်များ ထပ်မံကြုံတွေ့ရပါက ကျေးရွာနေ ပြည်သူများလုံခြုံစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ကျပ် သိန်း ၁၀၀၀ တန် သံကူကွန်ကရစ် နှစ်ထပ်ကျောင်းဆောင်ကို တည်ဆောက်လှူဒါန်းခဲ့ကြောင်း အဆိုပါကျောင်းတည်ဆောက်ရန် ပန္နက်ချစဉ် ၂၀၁၅ ခုနှစ်ကလည်း ပထမအကြိမ် ကထိန်အလှူပွဲကျင်းပခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် ကထိန်သင်္ကန်းကပ် အလှူပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကထိန်အလှူတော်ပွဲတွင် ပွင့်တောက်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဆရာတော် သံဃာတော် ၁၂ ပါးအား ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ယင်းအလှူသို့ ပွင့်တောက်ကျေးရွာမှ သာမက မကြီး၊ ဗူး၊ ဘိုကုန်း၊ လုံးဇွန်၊ အထက်လည်၊ ချီ၊ ချီချောင်း၊ ဇီးဖြူကုန်းကျေးရွာများမှ လူဦးရေ ၁၀၀၀ ကျော် လာရောက်ခဲ့ပြီး စားသောက်ဖွယ်ရာများ လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။

“ဘုန်းဘုန်းတို့ကျေးရွာမှာ ရွာလုံးကျွတ် ပြောင်းရွှေ့ရပြီး အစားအသောက်တွေ ခက်ခဲနေစဉ်ကတည်းက အလဲဗင်း မီဒီယာအဖွဲ့တွေက ဆန်တွေကို ရွာအရောက် လာလှူခဲ့ကြပါတယ်။ ပြီးတော့ ဘုန်းဘုန်းတို့ ကျေးရွာအနေနဲ့ ဘယ်လိုမှ အထမမြောက်နိုင်တဲ့ ဘုန်းကြီးကျောင်းကြီးကိုလည်း တည်ဆောက်လှူဒါန်းပေးခဲ့ပါတယ်။ ဘုန်းကြီးကျောင်း ရေစက်ချတဲ့နေ့မှာပဲ ဒီကျောင်းမှာ နှစ်တိုင်း ကထိန်ပွဲကို ကျင်းပဖို့အတွက်လည်း ဒကာကြီး ဒေါက်တာသိန်းမြင့်က လျှောက်ထားခဲ့တာပါ။ အခုနှစ်က ကထိန်ပွဲ ကျင်းပတဲ့ရက်ပိုင်းမှာ အလဲဗင်း မီဒီယာရဲ့  CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ တရားရင်ဆိုင်နေရတဲ့ အတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် သူတို့လည်း ပြဿနာတွေ အမြန်ဆုံး အဆင်ပြေသွားကြပြီး အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ အခုလို အခက်အခဲတွေကြားကနေ ဒီအလှူပွဲကြီးကို ဖြစ်မြောက်အောင် ကျင်းပနိုင်ခဲ့တဲ့အတွက်လည်း ၀မ်းသာပါတယ်” ဟု ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးဝိသုဒ္ဓက မိန့်ကြားခဲ့သည်။

ပွင့်တောက်ကျေးရွာမှ အသက် (၇၄ နှစ်) ရှိ ဦးချစ်မောင်က “အဘိုးတို့ရွာအတွက် ကျောင်းဆောက်လှူတဲ့အပြင် အခုလို ကထိန်အလှူပါ လာရောက်ကျင်းပပေးတဲ့ အလဲဗင်းအဖွဲ့တွေကို ပြောကိုမပြနိုင်အောင် ကျေးဇူးတင်ပါတယ်။ အဘိုးတို့အနေနဲ့သာဆို ဒီလိုအနေအထားကို ဘယ်လိုမှ စိတ်ကူးနဲ့ကို မရောက်နိုင်ပါဘူး။ အလဲဗင်းမိသားစုတွေအားလုံး ကျန်းမာချမ်းသာကြပြီး လိုရာဆန္ဒတွေ ပြည့်ဝကြပါစေလို့ ဆုတောင်းပါတယ်” ဟု ပြောကြားသည်။

ပွင့်တောက်ကျေးရွာအတွက် အခြားအလှူရှင်များကလည်း စာသင်ကျောင်း၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်အိတ်များ လှူဒါန်းပေးခဲ့သော်လည်း ရွာဦးဘုန်းတော်ကြီးကျောင်းအတွက် သိမ်တည်ဆောက်ရန် လိုအပ်နေသေးကြောင်း သိမ်မရှိသေးသောကြောင့် အဆိုပါကထိန်အတွက် ကမ္မ၀ါဖတ်ကြားစဉ်က သိမ်မရှိသေးသောကြောင့် သိမ်တည်ဆောက်ရန် သမုတ်ထားသည့်နေရာတွင်သာ ကမ္မ၀ါ ရွတ်ဖတ် ပူဇော်ခဲ့ရကြောင်း ဆရာတော်ဦးဝိသုဒ္ဓက မိန့်ကြားခဲ့သည်။        

Writer: 

အောင်သူငြိမ်း

No comments:

Post a Comment