Eleven Media Group နှင့် မိတ်ဆွေဆရာဝန်များအဖွဲ့၏ ကထိန်အလှူတော်ကို နိုဝင်ဘာ ၆ ရက်က သကြားဟင်းအိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်စဉ် (ဓာတ်ပုံ-ကြည်နိုင်)
Eleven Media Group နှင့် မိတ်ဆွေ ဆရာဝန်များအဖွဲ့၏ ရှစ်ကြိမ်မြောက် ကထိန်အလှူတော်ကို နိုဝင်ဘာ ၆ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သကြားဟင်းအိုးကျေးရွာ၊ မုန်တိုင်းဒဏ်ခံ ဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကထိန်အလှူပွဲသို့ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်၊ မန်းနေးဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်နှင့် မိတ်ဆွေဆရာဝန်များ၊ ဖိတ်ကြား ထားသောဧည့်သည်များ၊ Eleven Media Group မှ ၀န်ထမ်းများ၊ သကြားဟင်းအိုးနှင့် အနီးအနားရှိ ကျေးရွာများမှ ရွာသူရွာသားများ တက်ရောက်ခဲ့ကြသည်။
“၂၀၀၈ ကနေ ၂၀၁၆ ရှစ်နှစ်နီးပါးရှိတဲ့အခါမှာ ဒီအဆောက်အအုံက ခိုင်ခိုင်ခံ့ခံ့တည်ရှိနေတာရယ်၊ ကျွန်တော်တို့ဆောက်လုပ်ခဲ့တဲ့ အဆောက်အအုံ အသုံးချတယ်ဆိုတော့ ပိုပြီး ၀မ်းသာပီတီဖြစ်ရတာပေါ့။ ဒီထက်လည်း ဘာများလိုအပ်သလဲဆိုပြီးတော့ Eleven Media Group က နှစ်စဉ်လာရောက်ကြည့်ရှုပြီးတော့ ကထိန်လာခင်းရင်းနဲ့ လိုအပ်တာတွေလည်း အမြဲတမ်းလှူဒါန်းပါတယ်။ ဖြည့်ဆည်းပေးပါ တယ်” ဟု Lifeline Co.,Ltd ဥက္ကဋ္ဌ ဒေါက်တာဆွေလှက ပြောကြားသည်။
Eleven Media Group နှင့် မိတ်ဆွေဆရာဝန်များ၊ အလှူရှင်များ လှူဒါန်းထားသည့် သကြားဟင်းအိုးကျေးရွာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် ပြု လုပ်သည့် ရှစ်ကြိမ်မြောက် ကထိန်အလှူတော် တွင်လည်း Eleven Media Group နှင့် ၀န်ထမ်းများက ကျပ်သိန်း ၆၀ ကျော်နှင့် ပဒေသာပင်များကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။
“ဒီမုန်တိုင်းဒဏ်ခံ အဆောက်အအုံရှိတဲ့အတွက် ဦးဇင်းနဲ့အတူ ရွာအနီးက ဒါယကာ၊ ဒါယိကာမတွေကလည်း အသက်မဆုံးရှုံးနိုင်ဘူး။ လာပြီးတော့ ခိုလှုံနိုင်တယ်။ ဦးဇင်းတို့နဲ့အတူ ဒါယကာ၊ ဒါယိကာမတွေလည်း ၀မ်းသာတယ်။ နာဂစ် နှစ်ပတ်လည်ဆိုရင်လည်း Eleven Media Group မိသားစုက ငါးနှစ်တိတိ နှစ်ပတ်လည်ဆွမ်း လာသွပ်ပေးတယ်။ အခုအချိန်အထိလည်း နှစ်စဉ်ကထိန်တွေ ခင်းပေးတယ်။ အခုလို မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ဖြစ်ပေါ်လာတဲ့အတွက် နောက်နောင် ရာသီဥတုဒဏ်ကိုလည်း ကာကွယ်နိုင်တယ်” ဟု ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံဘုန်းတော်ကြီးကျောင်း၊ ကျောင်းတိုင်ဆရာတော် ဦးပုညောဘာသက မိန့်ကြားသည်။
အဆိုပါ ကထိန်အလှူတော်တွင် Eleven Media Group နှင့် မိတ်ဆွေဆရာဝန်များအဖွဲ့က ကြွရောက်လာသည့် ဧည်သည်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
“မုန်တိုင်းဒဏ်ခံ အဆောက်အအုံဟာ အားလုံးရဲ့အားကိုးရာနေရာ ဖြစ်ရမယ်။ နောက်တစ်ခါ အဖြစ်ဆိုးမျိုး ထပ်မံမကြုံရအောင်၊ လူအများရဲ့အသက်တွေကို ကာကွယ်ပေးနိုင်အောင်ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရပ်ရွာအတွက် သာရေး၊ နာရေး လုပ်ငန်းတွေ၊ တရာစခန်း၊ အစည်းအဝေးပွဲစတဲ့ ဘက်စုံသုံးနိုင်အောင်ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းအဖြစ် လှူဒါန်းထားခဲ့တာလည်းဖြစ်လို့ ဆရာတော်ရော ရွာသားတွေကပါ စောင့်ရှောက်ထားကြလို့ ဒီအဆောက်အအုံဟာ အခုထိ မပျက်မစီးဘဲ အခိုင်အခံ့ ရှိနေတာဖြစ်ပါတယ်” ဟု Eleven Media Group ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်က ပြောကြားသည်။
Writer:
ထက်ရှိုင်း
No comments:
Post a Comment