Thursday, November 10, 2016

Corruption နှင့် ပတ်သက်လျှင် အဓိကစစ်ဆေး အရေးယူဖော်ထုတ်ရမည်မှာ အစိုးရ၏ တာဝန်သာဖြစ်ကြောင်း The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ပြောကြား

နိုဝင်ဘာ ၈ ရက်က Eleven Media Group ရုံးချုပ်၌ပြုလုပ်သော ရှင်းလင်းပွဲတွင် The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုး ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ-ကြည်နိုင်)

Corruption နှင့် ပတ်သက်လျှင် အဓိက စစ်ဆေးအရေးယူ ဖော်ထုတ်ရမည်မှာ အစိုးရ၏ တာဝန်သာဖြစ်ကြောင်း The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက နိုဝင်ဘာ ၈ ရက်က Eleven Media Group ရုံးချုပ်တွင် ပြုလုပ်သော ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့ပြင် Eleven Media Group နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိစ္စ BBC Burmese က မေးမြန်းရာ၌ တမင်သက်သက် အပုပ်ချသည်ဟု ဦးဝင်းထိန်၏ ပြောကြားချက်မှာ မဟုတ်မှန်ကြောင်းလည်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၀န်ကြီးချုပ် (ကိုယ်စား) မိုးဟိန်း၊ ညွှန်ကြားရေးမှူး ဟူ၍ လက်မှတ်ရေးထိုးကာ နိုဝင်ဘာ ၆ ရက်ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြပါရှိသည့် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့အာဘော်နှင့် ပတ်သက်ပြီး အချက်နှစ်ချက်ကို မေးမြန်းထားသောစာအား Eleven Media Group သို့ နိုဝင်ဘာ ၇ ရက်တွင် ပေးပို့ခဲ့ပြီး ယင်းစာနှင့် ပတ်သက်၍ အချက်ငါးချက်ဖြင့် The Daily Eleven သတင်းစာ အယ်ဒီတာချုပ်က ရှင်းလင်း အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ Eleven Media Group နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိစ္စနှင့်ပတ်သက်၍ BBC Burmese က မေးမြန်းရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က “ကိုဖြိုးမင်းသိန်းက သူ့ဇာတ်သူ နိုင်ပါတယ်။ ကိုဖြိုးမင်းသိန်းကနေပြီး Eleven Media Group ကို ရေးတဲ့စာက ဥပဒေချုပ်နဲ့ တိုင်ပင်ပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆရာဆိုပြီးတော့မှ တိုင်ပင်ပြီးတော့မှ ရေးတဲ့စာ။ ပထမခြေလှမ်းကို Eleven ကိုရောက်တဲ့အခါမှာ Eleven က ဒါမီဒီယာကျင့်ဝတ်အရ မဖြေနိုင်ဘူးဆိုတဲ့ သဘောမျိုး ပြန်တာပေါ့လေ။ အိုကေ ဒါက မီဒီယာကျင့်ဝတ်အရ သူက အထောက်အထား ခိုင်လုံလို့ရှိရင် မဖြေဘူးဆိုရင် ကျွန်တော်တို့နားလည်တယ်။ အခုဟာ သူက ကိုဖြိုးမင်းသိန်းနာရီက နာမည်နဲ့တကွ Phillipe Patek ဆိုတာက တစ်ချက်။ အဲဒါ ဒေါ်လာတစ်သန်းတန်တဲ့ဟာကို ကိုဖြိုးမင်းသိန်း ပတ်နေတယ်ဆိုတဲ့စကားက စာက အချက်အလက် မှားနေတယ်။ ကိုဖြိုးမင်းသိန်း ပတ်တယ်ဆိုတာက သူ့မိန်းမလက်ဆောင်ပေးတဲ့ Rolex နာရီ သိန်း ၃၀ လောက်တန်မယ်။ သူတို့တတ်နိုင်လို့ဝတ်တာ။ အဲဒါကို ဒေါ်လာ တစ်သန်းတန် ၀တ်တယ်ဆိုကတည်းက ဒါသူမှားသွားပြီ။ တစ်အချက်၊ နှစ်အချက်က မူးယစ်ဆေးဝါးနဲ့ဖြစ်တဲ့ လုပ်ငန်းရှင်ကြီး တစ်ယောက်နဲ့ ပတ်သက်တဲ့ ဘာညာရေးတဲ့အခါကျတော့ ဒါလည်းမှားနေတယ်။ ဆိုတော့ ဒါမီဒီယာကျင့်ဝတ်နဲ့ မဟုတ်တော့ဘူး။ တမင်သက်သက် အပုပ်ချတာ။ ဆိုတော့ ဥပဒေကြောင်းအရ သူက ခိုင်မာမှုမရှိဘူး။ ဒါကြောင့် ကိုဖြိုးမင်းသိန်းက လုပ်စရာရှိတာ ဆက်လုပ်လိမ့်မယ်။ ကျွန်တော်တို့ပါတီအနေနဲ့ စောင့်ကြည့်နေဦးမယ်” ဟု ဖြေကြားခဲ့သည်။

ထို့ပြင် ၀န်ကြီးချုပ်အနေဖြင့် တရားစွဲဖို့ ကိစ္စရှိလာနိုင်သလားဟု မေးမြန်းရာတွင်လည်း “ရှိလာနိုင်တယ်။ ဘာကြောင့်ဆိုတော့ Eleven Media က ပြန်ကြားတဲ့ ပြန်ကြားချက်ဟာ ကိုဖြိုးမင်းသိန်း မေးတဲ့မေးခွန်းနဲ့ ပတ်သက်လို့ ဘာမှရေရေရာရာ မဖြေထားတဲ့အတွက်ကြောင့်မို့ နောက်တစ်ဆင့်က တရားစွဲဖို့ဖြစ်လာလိမ့်မယ်” ဟု ဆက်လက်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ BBC Burmese တွင် ဦးဝင်းထိန်၏ ပြောကြားချက်မှာ မှားယွင်းနေကြောင်း နှင့် ၎င်းအနေဖြင့် စွပ်စွဲပြောဆိုထားခြင်းသာ ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်က Eleven Media Group ၏ ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက မီဒီယာများနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့သည်။

BBC Burmese တွင် ဦးဝင်းထိန်၏ ပြောကြားမှုနှင့်ပတ်သက်ပြီး The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက “ပထမဆုံးအချက်အနေနဲ့ သူပြောသွားတဲ့ အချက်ဟာ လုံးဝမှားနေပါတယ်။ သူက ကျွန်တော်တို့အပေါ်မှာ စွပ်စွဲထားတာ ဖြစ်ပါတယ်။ ဒေါ်လာတစ်သန်းလို့ ပြောပါတယ်။ ကျွန်တော်တို့ သုံးနှုန်းခဲ့မှုတွေမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းလို့ တစ်လုံးမှ ဖော်ပြထားခြင်းမရှိသလို ဒေါ်လာတစ်သန်းဆိုတဲ့ စကားလုံး ကျွန်တော်တို့ ဘယ်မှာမှ ဖော်ပြထားခြင်း မရှိပါဘူး။ တစ်အချက် ဒါဟာ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်နစ်နာစေပါတယ်။ မှားယွင်းစွာ စွပ်စွဲတာဖြစ်ပြီးတော့ တစ်ဖက်အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ဦးဝင်းထိန်က တကယ်တော့ NLD ပါတီဝင်အနေနဲ့ တာဝန်ရှိသူတစ်ဦးပါ။ အစိုးရအဖွဲ့အနေနဲ့ တာဝန်ရှိသူတစ်ဦး မဟုတ်ပါဘူး။ အဲဒါကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ကျွန်တော်တို့ကို အကြောင်းကြားစာပို့ပြီး မေးခွန်းမေးမြန်းတဲ့ကိစ္စမှာ ပါတီတာဝန်ရှိသူ တစ်ဦးအနေနဲ့ ၀င်ရောက်စွက်ဖက်နေတဲ့ ပုံစံဖြစ်နေပါတယ်။ နှစ်အချက်ကတော့ တမင်သက်သက် အပုပ်ချတယ်ဆိုတဲ့ စကားလုံး ဦးဝင်းထိန် သုံးသွားပါတယ်။ ဒါကလည်း ကျွန်တော်တို့ကို တမင်တကာပဲ ရည်ရွယ်ချက်ရှိရှိ  စွပ်စွဲလိုက်တဲ့ စကားလုံးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အပေါ်မှာ စွပ်စွဲတာတွေနဲ့ ပတ်သက်လို့ ဦးဝင်းထိန်ကို ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်ကိုယ်စား မေးမြန်းလာမှုနှင့် ပတ်သက်ပြီး The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက မီဒီယာများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းသို့ ရှင်းလင်းရာတွင် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့အာဘော်မှာ Asia News Network အဖွဲ့ဝင် နိုင်ငံအသီးသီးရှိ မီဒီယာများတွင် ဦးစျွာဖော်ပြခြင်းခံရပြီး ယင်း Editorial Opinion ကို The Daily Eleven သတင်းစာတွင် မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြခဲ့ခြင်းသာဖြစ်ကာ ထိုသို့ပြန်ဆိုရာတွင် နိုင်ငံတကာ၌ Elected Minister ဟု သုံးစွဲခဲ့သော်လည်း မိမိတို့ သတင်းစာတွင် ၀န်ကြီးချုပ်ဆိုသည့် အသုံးအနှုန်းကို သုံးလိုက်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့အာဘော်တွင် ပါရှိသော Patek Phillipe နာရီနှင့် ပတ်သက်ပြီး မေးမြန်းလာမှုကို “ကျွန်တော်တို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့အခါမှာ ကျွန်တော်တို့ Editorial ဘက်က ကျွန်တော်တို့ရဲ့ တာဝန်ရှိမှုအပေါ်မှာ မူတည်ပြီး ကျွန်တော်တို့နဲ့ဆိုင်တဲ့ ရေးသားခဲ့တဲ့ အချက်တွေနဲ့ပတ်သက်လို့ ရှင်းလင်းမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီထဲမှာပါတဲ့ အချက်နှစ်ချက်ထဲက တစ်ချက်ချင်းစီ ပြန်ပြောရမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ အားလုံးလည်း သိပြီးသားပါ။ အချက်တစ်ခုပြပါမယ်။ အဲဒါ အားလုံးသိတဲ့ ကိုဝေဠုပေါ့။ သူဆိုရင်လည်း တက်ကြွလှုပ်ရှားသူတွေထဲမှာ သိပြီးသား ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ သူ့ Facebook မှာ အဲဒီလိုမျိုး ဓာတ်ပုံတွေနဲ့ အတိအကျကို မြကျွန်းသာကိစ္စနဲ့ ဆက်စပ်ပြီးတော့ ရေးသားထားတာတွေ ပါပါတယ်။ ပြီးတော့ သူခရက်ဒစ်လုပ်ထားတဲ့ သူက ဦးဝင်းချိုပါ။ ဒါကကျွန်တော်တို့ အများကြီးထဲက သိနိုင်မယ့် အကြမ်းဖျင်းအချို့ကိုသာ ပြသတာ ဖြစ်ပါတယ်။ အဲဒီတော့ နာရီကိစ္စ ဒီလိုဟာနဲ့ ပတ်သက်ပြီးတော့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဝေဖန်တာတွေ သုံးသပ်တာတွေ ဒီလိုကိစ္စရပ်တွေ အများအပြား ပေါ်ပေါက်နေပါတယ်။ မီဒီယာဆိုတာ အလျဉ်းသင့်လို့ ပြောရရင် ကျွန်တော်တို့ Eleven Media Group က အများပြည်သူနဲ့ အမှန်တရားအကျိုးကို ရှေးရှုတယ်ဆိုတာ အများသိပြီးသားပါ။ ကျွန်တော်တို့ မီဒီယာသက်တမ်း ၁၆ နှစ်တာကာလမှာ အခုမှလည်း မဟုတ်ပါဘူး။ အစိုးရအဆက်ဆက်မှာ တစ် Cronyism၊ နှစ် Corruption၊ Mismanagement၊ ဒီအချက်သုံးချက်ပေါ်မှာ အခြေခံပြီး ထောက်ပြဝေဖန်မှုတွေကို အမှန်အတိုင်း ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ သတင်းမီဒီယာ ရှုထောင့်ကနေ ဒီအချက်တွေအပေါ်မှာ ပြောဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ထုတ်ဝေခဲ့တဲ့ အပတ်စဉ်ထုတ် Weekly Eleven ဂျာနယ်မှာ ကိုနေထွန်းနိုင် ရေးသားခဲ့တဲ့ “ခရိုနီအကျိုးစီးပွား        မကြည့်ဘူးဆိုတာ သေချာပြီလား” ဆောင်းပါးမှာ ဘာကိုထည့်သွင်း ရေးသားခဲ့လဲဆိုတော့ ဒီအချက်တွေကို အခြေခံပြီးတော့ပေါ့နော် အရပ်ထဲမှာ ပြောနေကြတဲ့ သိန်းထောင်ကျော်တန် နာရီ ကိစ္စ။ ခရီးစဉ်တွေမှာ ခရိုနီလုပ်ငန်းရှင်တွေ ပါနေတဲ့ကိစ္စ ဒါတွေနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့သူတွေက လိုအပ်သလို စုံစမ်းစစ်ဆေးဖို့ ဒါမှမဟုတ်ရင်လည်း လိုအပ်တဲ့ ဆောင်ရွက်မှုတွေ အတွက် သတိပြုဆင်ခြင်နိုင်အောင် ထောက်ပြပြောဆိုပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ထောက်ပြပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဟာ ဂျာနယ်လစ်တွေ မီဒီယာတွေ ဖြစ်တဲ့အတွက် ပြင်ပမှာဖြစ်နေတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ သတင်းအစလောက် ထုတ်ပေးဖို့သာ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက် အခုထက် တိကျခိုင်မာမှုနဲ့ ပတ်သက်လို့ကတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ အထူးသဖြင့် Corruption နဲ့ ပတ်သက်ရင် အဓိကစစ်ဆေး အရေးယူဖော်ထုတ်ရမှာက အစိုးရရဲ့တာဝန်သာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“Eleven Media Group က CEO ဒေါက်တာသန်းထွဋ်အောင်က သူ့ရဲ့ Facebook သည် သူ့ရဲ့ Personal Facebook ဖြစ်ပြီးတော့ သူရဲ့ထင်မြင်ယူဆချက်ဆိုတာ ဂျာနယ်လစ် တစ်ယောက် ထင်မြင်ချက်နဲ့ရေးပြီးတော့ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့နဲ့ သီးခြားစီ ရပ်တယ်ဆိုတာ အားလုံးသိပါတယ်။ ကျွန်တော်တို့ The Daily Eleven သတင်းစာ အယ်ဒီတာအဖွဲ့က  ကျွန်တော်တို့မူဝါဒနဲ့ သီခြားစီရပ်တည်တာ ဖြစ်ပါတယ်။ ဒါကြောင့် သီးခြားစီ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒေါက်တာ သန်းထွဋ်အောင်ရဲ့Facebook မှာ ဖော်ပြပါရှိတာတွေနဲ့ ပတ်သက်လို့ ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်လိုအဖွဲ့အစည်း ဘယ်လိုဖိအားပေးတာကိုမှ လက်ခံမှာမဟုတ်ဘူး။ သူလေးစားယုံကြည်တဲ့ ဒေါ်အောင်ဆန်းစုကြည် မေးမြန်းလာရင်တော့ သူကျင့်ဝတ်အတိုင်း ပြောသင့်ပြောထိုက်တဲ့အတိုင်း သူသိတာတွေ ပြောပါလိမ့်မယ်။ ထိုမှတစ်ပါး ကျန်တဲ့ဟာတွေတော့ ပြောမှာမဟုတ်ပါဘူး” ဟု ဆက်လက်ပြောကြားခဲ့သည်။

ယခုဖော်ပြခဲ့သော “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့အာဘော်မှာ ဘခြောက်လုံးဖြင့် ရေးသားရသည့် သတင်းပုံစံမျိုးမဟုတ်ဘဲ အယ်ဒီတာအာဘော် အတွေးအမြင်ဖြင့် ရေးသားထားခြင်းဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသည့်ဟူသော စကားရပ်ကို ထည့်သွင်း သုံးစွဲထားကြောင်းနှင့် မိမိတို့အနေဖြင့် မီဒီယာကျင့်ဝတ်နှင့်အညီ ဖော်ပြထားခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မီဒီယာတစ်ခုအား ဖိအားပေးခြင်းထက် နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်စေသော အဂတိ လိုက်စားမှုနှင့် ခြစားမှု ရှိ၊ မရှိကို အဓိကထား စုံစမ်းစစ်ဆေးရန် တာဝန်မှာ အစိုးရ၏ တာဝန်သာဖြစ်ပြီး အယ်ဒီတာ့အာဘော်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ မှန်ကန်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးလိုပါက နိုင်ငံတော်သမ္မတ ဦးဆောင်ပါဝင်ကာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ အပါအ၀င် နိုင်ငံတကာမီဒီယာများနှင့် နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့များ Asia News Network (ANN) မှ တာဝန်ရှိသူများ ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီး အမှန်တရား ပေါ်ပေါက်ရန် ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးခြင်း၊ အများပြည်သူကြား ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေး ဖော်ထုတ်ခြင်းများ ပြုလုပ်မည်ဟူသော ခိုင်မာသည့် ကတိက၀တ်ပြုမှုရှိပါက The Daily Eleven သတင်းစာအနေဖြင့် အမှန်တရားပေါ်ပေါက်ရန် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။

No comments:

Post a Comment