Posted: November 18, 2016
အစ္စရေးနိုင်ငံတွင် ဗလီများက ဝတ်ပြုရန် အသံချဲ့စက်များဖြင့် နှိုးဆော်သည့် အသံဆူမှုကို ထိမ်းချုပ်မည့် ဥပဒေကြမ်းကို ထောက်ခံကြောင်း ဝန်ကြီးချုပ်နတန်ရာဟု ကပြောကြားသည်။ ထိုဥပဒေကြမ်းသည် ဘာသာရေးလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုဖြစ်သည်ဟု ဝေဖန်မှုများရှိနေသည်။ ဗလီများ ဝတ်ပြုရန်နှိုးဆော်ရာတွင် အများပြည်သူသုံး အသံချဲ့စက်စနစ် တစ်နေ့ ငါးကြိမ် အသုံးပြုခြင်းကို အဆိုပါ ဥပဒေကြမ်းက တားမြစ်ထားသည်ဟု သိရသည်။
အစ္စရေး ဝန်ကြီးချုပ် နတန်ရာဟုက “ဝတ်ပြုဖို့ နှိုးဆော်တဲ့ အလွန်အကျူး ဆူညံသံကြောင့် အနှောက်အယှက်ဖြစ်ရတယ်လို့ လာတိုင်သူတွေ မရေနိုင်အောင် ရှိပါတယ်။ အစ္စရေးနိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်းအားလုံး၊ ဘာသာအားလုံးက တိုင်ကြတာပါ” ဟု အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားသည်။
ဥပဒေကြမ်းပါ ကန့်သတ်ချက်သည် ဘာသာအားလုံးအပေါ် သက်ရောက်ခြင်းဖြစ်သော်လည်း ဗလီများကို အထူးရည်ရွယ်သည်ဟု ရှုမြင်ခံနေရသည်။ အစ္စရေးလူဦးရေ၏ ၁၇.၅% ရှိ အာရပ်အများစုမှာ မူဆလင်များဖြစ်ပြီး လူများစု ဂျူးများက ခွဲခြားဆက်ဆံမှုများ ပြုလုပ်လျှက်ရှိသည်ဟု မူဆလင်များက စွပ်စွဲထားသည်။
အရှေ့ဂျေရုဆလမ်တွင် ပါလက်ဆတိုင်း အများစု နေထိုင်ပြီး အစဉ်အလာဝတ်ပြုဆုတောင်းရန် အသံချဲ့စက်မှ နှိုးဆော်သံကို မြို့အနှံ ကြားနိုင်သည်။ အစ္စရေးလက်ယာစွန်း နိုင်ငံရေးသမားများသည် လူနေမှု အခြေအနေ မြှင့်တင်ရန်ဟု အကြောင်းပြကာ နိုင်ငံရေးအမြတ်ထုတ်ရန် လုပ်ဆောင်နေသည်ဟု စွပ်စွဲမှုများရှိနေသည်။
KHTun
The Ladies News
No comments:
Post a Comment