Monday, November 14, 2016

လောင်းလုံးမြို့အနီးရှိ တီဇစ်ကမ်းခြေအား မည်သူ့ကိုမျှ မပေးဘဲ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများလည်း လုပ်ခွင့်ပြုမည် မဟုတ်ကြောင်း တိုင်းဝန်ကြီးချုပ် ပြောကြား


တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့အနီးရှိ တီဇစ်ကမ်းခြေကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့အနီးရှိ တီဇစ်ကမ်းခြေအား  ၎င်းတို့အစိုးရ လက်ထက်တွင် မည်သူ့ကိုမျှမပေးဘဲ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကိုလည်း လုပ်ခွင့်ပြုမည်မဟုတ်ကြောင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

ထားဝယ်မြို့မှ မိုင် ၂၀ ခန့် အကွာရှိ တီဇစ်ကမ်းခြေမှာ သဲသောင်ဖြူဖွေးသည့်အပြင် သောင်ပြင်ကျယ်ပြန့်ပြီး လှပသည့်အတွက် ယခုနှစ်ပိုင်းအတွင်း နိုင်ငံခြားသား ခရီးသွားများ လာရောက်မှုများပြားခဲ့ကာ ဆွစ်ဇာလန်နိုင်ငံမှ မန်ဒိုလစ်ကုမ္ပဏီက ဟိုတယ်တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မြေနေရာများ ရယူခဲ့သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က  ခွင့်ပြုခဲ့ခြင်း မရှိသဖြင့် ဟိုတယ်ဆောက်လုပ်မည့် အစီအစဉ် ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။

“ဒီကမ်းခြေကို ကျွန်မတို့ အစိုးရလက်ထက်မှာတော့ ဘယ်သူ့ကိုမှ မပေးပါဘူး။ အပန်းဖြေဖို့ ကော်ဖီဘားလိုမျိုး လုပ်တာကလွဲလို့ ပုံသေလာနေပြီးတော့ဒီမှာ ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်တွေ၊ Spa တွေကျွန်မတို့ ဘယ်သူ့ကိုမှ ခွင့်မပြုပါဘူး။ ဒါကျွန်မတို့ အစိုးရလက်ထက်မှာ ကျွန်မခွင့်မပြုတဲ့အချက်ပါ။နောက်တစ်ခုက နိုင်ငံခြားသား ခရီးသွားများအတွက် သူတို့ရဲ့လုံခြုံရေးပါ။ သူတို့တွေက ဘယ်အနေအထားကနေ ဘယ်လိုလာမှန်း ကျွန်မတို့ ဘယ်သူမှမသိပါဘူး။ ကျွန်မလည်း မသိပါဘူး။ တကယ်ပဲ ဒီဒေသက လှပလို့လာတာလား။ ဒီဒေသမှာ မူးယစ်တွေပဲဖြန့် ဖြူးချင်လို့လာတာလား။ ဒီဒေသက လူတွေကိုပဲ လူကုန်ကူးဖို့ လာတာလား။ ဘယ်သူမှ တပ်အပ် ပြောလို့မရပါဘူး။ ဒီအတွက်ကြောင့် လာတဲ့သူတို့တွေရဲ့ လုံခြုံရေး ပြီးတော့ ကျွန်မတို့ ရွာသူရွာသားတွေရဲ့ လုံခြုံရေးအတွက်  ရဲကင်းစခန်းလေးတစ်ခု ဖွင့်ပေးပါလို့ လောင်းလုံးမြို့နယ် ရဲစခန်းမှူးကိုကျွန်မပြောထားပါတယ်။ ရဲကင်းစခန်း မရှိလို့ မဖြစ်ပါဘူးလို့။ အခု ယိုးဒယားမှာ ကျောပိုးအိတ်ထဲကို ကျောက်ခဲထည့်ပြီးတော့ ရေထဲ မြှုပ်နှစ်သတ်တာမျိုးတွေ ဖြစ်လာလို့ရှိရင် နိုင်ငံ အချင်းချင်း စကားပြောနေရပါလိမ့်မယ်။ ကျွန်မတို့ နိုင်ငံက လုံခြုံရေး လျော့ရဲနေတယ်ဆိုတဲ့ အပြောမျိုး ကျွန်မ အပြောမခံနိုင်ပါဘူး။ ဒီအတွက်ကြောင့် ရဲကင်းစခန်း တစ်ခု လုပ်ဖို့လည်း ကျွန်မတို့ လာကြည့်တာပါ” ဟု တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က တီဇစ်ဒေသခံများနှင့် နိုဝင်ဘာ ၆ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“တီဇစ်ရွာက ဖိုးလမော်ကမ်းခြေမှာ နိုင်ငံခြားကုမ္ပဏီဖြစ်တဲ့ မန်ဒိုလစ်ကုမ္ပဏီက မြန်မာနိုင်ငံသားနဲ့ ဖက်စပ်အနေနဲ့ ဟိုတယ်လုပ်ငန်းအတွက် MIC (မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှု ကော်မရှင်)က ခွင့်ပြုထားပြီးပြီ။ ဟိုတယ်ဆောက်လုပ်ခွင့်အတွက် လာလျှောက်ပြီး ကျွန်တော်တို့ဆီမှာ သဘောထား မှတ်ချက်တောင်းတော့ ခွင့်မပြုသင့်ကြောင်း သဘောထား ပြန်ပေးလိုက်တယ်။ ခွင့်မပြုရတဲ့ အကြောင်းရင်းကတော့ အစိုးရအနေနဲ့ အကြောင်းပြချက်က ကမ်းခြေကို အများအသုံးပြုတဲ့ နေရာတစ်ခုအဖြစ် ထားချင်လို့ပါ။ အခု နောက်ပိုင်းဝန်ကြီးချုပ်က ဟိုတယ်ဇုန်ကို သီးသန့်လုပ်စေချင်တာ” ဟု တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးမြင့်မောင်က ပြောကြားသည်။

တိုင်းဒေသကြီး ၀န်ကြီးချုပ်အနေဖြင့် ထားဝယ်ကမ်းရိုးတန်းတစ်လျှောက်၌ ဟိုတယ်များ ဆောက်လုပ်ခြင်းထက် ဟိုတယ်ဇုံ တစ်ခုတည်းကိုသာ နေရာတစ်ခုသတ်မှတ်၍ သီးသန့်ဆောင်ရွက်စေရန် ဆန္ဒရှိကြောင်း၊ လက်ရှိတွင် ဟိုတယ်ဇုန်အား ထားဝယ်ဒေသ၏ နာမည်ကျော် မောင်းမကန်ကမ်းခြေဧရိယာတွင်  ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားသည်။

Writer: 

ဖြိုးဇင် (ထားဝယ်)

No comments:

Post a Comment