Monday, November 14, 2016

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို အပြစ်ပေးရေးနှင့် ပြည်သူ့အသံ

မကြာသေးမီက ဒဂုံအရှေ့ပိုင်းတွင် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့သည့် အခင်းဖြစ်နေရာ (ဓာတ်ပုံ-ညီညီဖေ့စ်ဘွတ်ခ်)

မြန်မာနိုင်ငံတစ်ဝန်း အရွယ်မရောက်သေးသော ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရသည့်သတင်းများသည် သတင်းစာမျက်နှာများတွင် ပိုမိုနေရာယူလာပြီး ကျူးလွန်သူအများစုမှာ ဥပဒေ၏ အရေးယူအပြစ်ပေးမှုကို မခံရဘဲ လွတ်မြောက်နေဆဲဖြစ်သည်။ ယခုနှစ်များအတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုများတွင် အသက် (၂)နှစ်သမီးအရွယ် ကလေးငယ်ပင် ပြုကျင့်ခံရသူအဖြစ် ပါဝင်လာပြီး သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကိုအဓမ္မပြုကျင့်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်သာမဟုတ်ဘဲ ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ရန် လူမှုကွန်ရက် အပါအဝင် ပြင်ပတွင်ပါ လှုပ်ရှားမှုများ အသီးသီးပြုလုပ်လာရာ ယင်းမုဒိမ်းမှုကျူးလွန်သူများကို အပြစ်ပေး ရေးနှင့်ပတ်သက်၍ ပြည်သူ့အသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးသိန်းညွန့်

(အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ)

ကျွန်တော့်အနေနဲ့ ၂၀၁၃ ပထမအကြိမ် လွှတ်တော်မှာတင် သက် ငယ်မုဒိမ်းကို ပြင်းပြင်းထန်ထန် အရေးယူဖို့ သုံးကြိမ်ကြိုးစားခဲ့ပေမယ့် လွှတ်တော်က  ပယ်ချခဲ့ပါတယ်။   ထောက်ခံမယ့်သူတောင်မရှိတဲ့ အခြေအနေမျိုးတောင် ကျွန်တော်ကြုံတွေ့ခဲ့ရပါတယ်။ လက်ရှိအခြေ အနေက ပိုပြီးတောင် အခြေအနေဆိုးလာတဲ့ အနေအထားမျိုးကို မြင် တွေ့နေရပါတယ်။ ဒီအတွက်ကတော့ လက်ရှိလွှတ်တော်ထဲရောက်နေ တဲ့ အမတ်တွေနဲ့ ဥပဒေပြုသူတွေရဲ့ အရည်အချင်းကိုပဲ ကြည့်ရမှာပဲ။ သေချာတာက အနောက်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံး လွှမ်းမိုးမှုခံနေရတဲ့ လူတွေကတော့ ဒီသက်ငယ်မုဒိမ်းအတွက် သေဒဏ် ဆိုတဲ့ဥပဒေကို ပြင်းထန်တယ်လို့ ပြောကြမှာပဲ။ အမှန်ကတော့ ဒီလိုလူ့တိရစ္ဆာန်တွေကို လူ့အဖွဲ့အစည်းက ဖယ်ထုတ်လိုက်တာ အကောင်းဆုံးပဲ။ သေဒဏ်ပေးလည်း နောက်အမှုတွေ ဆက်ဖြစ်နေဦးမယ်လို့ ပြောနေပေမယ့် ကျွန်တော့်အနေနဲ့ကတော့ အဲဒီလိုမုဒိမ်းကောင်တစ်ရာလောက်ကို သေဒဏ်ပေးပစ်ရင် ကလေးသူငယ်ဆယ်သန်းလောက်က လုံခြုံသွားမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်တယ်။

ကိုရဲထွန်း

(သက်ငယ်မုဒိမ်းပြုကျင့်ခံရသူ ကလေးငယ်တစ်ဦး၏ ဖခင်)

ဖခင်တစ်ယောက်အနေနဲ့ ပြောမပြတတ်လောက်တဲ့ နာကျင်မှုမျိုး ပါ။ မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးကို လုံခြုံအောင်မထားနိုင် ခဲ့ဘူးဆိုတဲ့ စိတ်နဲ့တင် မိဘတိုင်း ဒီလိုဖြစ်ရပ်ကို သင်ခန်းစာယူစေချင်ပါ တယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီလိုမျိုး မှုခင်းတွေကို သေဒဏ်ပေးကို ပေးစေချင်တာပါပဲ။ ဒီဘက်ခေတ်ကြီးက အကြောင်းအမျိုးမျိုးကြောင့် လွတ်ငြိမ်းတွေနဲ့၊ လျှော့ရက်တွေနဲ့ လွတ်ပေးနေတာတွေ ကြားသိနေရ တယ်။ မဖြစ်သင့်ဘူး။ ကျွန်တော့်မိသားစုဖြစ်လို့မှ မဟုတ်ပါဘူး။ သက် ငယ်မုဒိမ်းတရားခံတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့လိုတယ် လို့ ထင်ပါတယ်။ ပြီးတော့ ရဲတပ်ဖွဲ့အနေနဲ့ တာဝန်ရှိသူတွေ ဒီလိုအမှု မျိုးကို သားသမီးချင်း ကိုယ်ချင်းစာပြီး တက်တက်ကြွကြွဆောင်ရွက်ပေးဖို့ ပိုမျှော်လင့်ပါတယ်။ ဒီလို မတရား ခံရတဲ့ မိသားစုတွေဟာ ဆင်းရဲသား နင်းပြားအများစုပါ။

မအိမွန်

(မိုးကုတ်မြို့)

အရွယ်ရောက်ရောက်၊ မရောက်ရောက် သမီးမိန်းကလေးကို မိဘ တွေအနေနဲ့ မျက်စိအောက်က အပျောက်မခံသင့်ပါဘူး။ ပတ်ဝန်းကျင် ကလည်း ကိုယ့်အနီးနား မသင်္ကာစရာတွေ့ရင် သက်ဆိုင်ရာကို အမြန် အကြောင်းကြားသင့်ပါတယ်။ ရပ်ကွက်ဆိုရင်လည်း ကိုယ့်အသိ သား သမီးတွေ လမ်းမှာတွေ့ရင် မဆိုင်သလိုမနေဘဲ အကဲခတ်ပေးဖို့လိုပါ တယ်။ သက်ငယ်မုဒိမ်းမှုဆို သေဒဏ်ပေးသင့်ပါတယ်။ ဒါမှ ကျူးလွန်သူ တွေ နည်းပါးသွားမှာပါ။ ပညာပေးမှုအနေနဲ့ တတ်နိုင်ရင် လူမြင်ကွင်း တွေမှာရော ရုပ်သံများမှာပါ အမျိုးသမီးနဲ့ ကလေးငယ်ကို စောင့်ရှောက် ဖို့၊ ညှာတာသနားကြင်နာဖို့၊ လူမဆန်သော ယုတ်မာမှုများ ပပျောက်ဖို့ အချိန်နဲ့တစ်ပြေးညီ ကြေညာထားသင့်ပါတယ်။

ကိုဇော်သူရိန်ထွန်း

(စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ကွန်ရက်)

ဒီနိုင်ငံက မိဘတွေက မိန်းကလေးမွေးထားရင် အပျိုဖြစ်လာတဲ့အ ရွယ်ရောက်မှ ဂရုစိုက်လေ့ရှိကြတယ်။ သူတို့ထင်ကြတာက အပျိုလေး တွေကိုမှ ယောက်ျားတွေက မုဒိမ်းကျင့်ဖို့ ကြံစည်လေ့ရှိကြတယ်လို့ ထင် နေကြတယ်။ ယောက်ျားလေးမွေးထားတဲ့ မိဘတွေဆိုရင် ယောက်ျား လေးဟာလည်း မုဒိမ်းကျင့်ခံရနိုင်တယ်ဆိုတာ တွေးမိတဲ့ မိဘတွေ အတော်ရှားလိမ့်မယ်။ တကယ်တမ်းကျ ကလေးငယ်လေးတွေကိုမှရွေးပြီး မုဒိမ်း ကျင့်လိုတဲ့ မုဒိမ်းကောင်တွေ ကျွန်တော်တို့လူမှုအသိုင်းအဝိုင်းမှာ ရှိနေပါ တယ်။ လိင်အင်္ဂါတို့၊ ရင်သားတို့ကို ဘယ်သူ့ကိုမှ ကိုင်ခွင့်မပေးဖို့၊ တကယ်လို့ တစ်စုံတစ်ယောက်က လာကိုင်ရင်လည်း မိဘတွေကို ချက်ချင်းပြန် ပြောဖို့ ကလေးကို သင်ကြားပေးထားရပါ့မယ်။ နောက်တစ်ချက်က ကလေးငယ်ကို တခြားသူတစ်ယောက်နဲ့ စိတ်ချလက်ချမထားဖို့ပဲ ဖြစ်ပါတယ်။ ဖြစ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတွေကိုကြည့်ရင် အိမ်နီးချင်းက အိမ်မှာလူကြီးတွေမရှိတဲ့အချိန်မှာတို့၊ မိဘတွေကိုယ်စား ကျောင်းအပြန်လာကြိုပြီး လူပြတ်တဲ့နေရာခေါ်သွားပြီး မုဒိမ်းကျင့်တာတို့တွေ တွေ့ပါတယ်။ နောက်ပြီး ကလေးငယ်ကို ဘယ်တော့မှ တစ်ယောက်တည်းအပြင်မထွက် ဖို့ ဂရုစိုက်မှာကြားဖို့လိုပါတယ်။ မုဒိမ်းကောင်ဟာ ကလေးငယ်ကိုတွေ့မယ်၊ ဘေးပတ်ဝန်းကျင်မှာလည်း လူပြတ်နေတယ်ဆိုရင် မုဒိမ်းကျင့်ဖို့ ကြိုးစားမှာ အသေအချာပါပဲ။ နောက်တစ်ချက်ကတော့ မဖြစ်သင့်ပေမယ့် ဖြစ်နေတာတွေပါ။ ဆရာက တပည့်ကို ကြံစည်တာတို့၊ ဘုန်းကြီးက ဘုန်းကြီးကျောင်းသားကို ကြံစည်တာ တို့ပေါ့။ ဒီတော့ မိဘတွေအနေ နဲ့ ကိုယ့်ကလေးငယ်နဲ့၊ ကလေးရဲ့ ဆရာဆိုသူနဲ့ ဆက်ဆံရေးမှာ မျက်စိမှိတ် လွှတ်ထားလို့တော့ မသင့်တော်တော့ပါဘူး။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ မုဒိမ်းမှုဟာ တစ်သက်တစ်ကျွန်း (သို့မဟုတ်)၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးအပြင် ငွေဒဏ်အထိ ချလို့ရပါတယ်။ အခုဟာက လူကြီးမုဒိမ်းကျင့်ခံရရင်လည်း ပုဒ်မ ၃၇၆ ပဲ။ ကလေးသူငယ် မုဒိမ်းကျင့်ခံရရင်လည်း ပုဒ်မ ၃၇၆ ပဲ ဖြစ်နေတာပါ။ သက်ငယ်မုဒိမ်းမှုတစ်ခုကိုတရားသူကြီးက တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကိုမရွေးဘဲ ၁၀ နှစ်အထိ ထောင်ဒဏ်ကိုပဲ ရွေးပြီးချလိုက်ရင် ကလေးသူငယ်ရဲ့ နစ်နာမှုနဲ့ ယှဉ်ရင် ၁၀ နှစ်ဆိုတဲ့ ထောင်ဒဏ်ဟာ မတန်ပါဘူး။ သက်ငယ်မုဒိမ်းကို အများစုက သေဒဏ်တောင်းဆိုနေကြတာကို တွေ့ပါတယ်။ သေဒဏ်ဟာ ထိုက်သင့်သော ပြစ်ဒဏ်လို့ဆိုနိုင်ပေမယ့် မသင့်တော်ပါဘူး။ သက်ငယ်မုဒိမ်း သေဒဏ်ဆိုရင် မုဒိမ်းကောင်တွေဟာ သူ့အသက်ကို ကာကွယ်ဖို့အတွက် ကလေးတွေကို မုဒိမ်းကျင့်ပြီးရင် သတင်းမပေါက်ကြားအောင် သတ်ပစ်ဖို့ အလားအလာပိုအားကောင်းသွားပါလိမ့်မယ်။ အကြံပြုချင်တာကတော့ အသက် (၁၄)နှစ်အောက် အမျိုးသား (သို့မဟုတ်) အမျိုးသမီးကို မုဒိမ်းကျင့်တဲ့ မုဒိမ်းကောင်တွေကို အရင်ဆုံး ဓာတုဆေးဝါးနည်းနဲ့ ပန်းသေအောင် လုပ်သင့်ပါတယ်။ ပန်းသေအောင်လုပ်ရတဲ့ ရည်ရွယ်ချက်က သူဟာ မတော်တဆ ထောင်ကနေထွက်ပြေးတာတို့ ဘာတို့ဖြစ်ပြီး အပြင်လောကပြန်ရောက်ရင် မုဒိမ်းမှုထပ်ပြီးကျူးလွန်လို့ မရအောင်ကာကွယ်ဖို့ ဖြစ်ပါတယ်။ သက်ငယ်မုဒိမ်း ကျူးလွန်မှုကို ဖုံးဖုံးဖိဖိမထားဘဲ ရဲကို ချက်ချင်းတိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ဆီမှာက တစ်ရှက်ကနေနှစ်ရှက်ဖြစ်မှာမို့ဆိုပြီး မတိုင်ကြတာများပါတယ်။ ဒါကို ပြောင်းလဲရပါမယ်။

ဒေါ်မိကွန်ချမ်း

(ပေါင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ထိရောက်တဲ့ ဥပဒေနဲ့ အရေးယူပေးပါ။ ပတ်ဝန်းကျင်အသိုင်းအ ဝိုင်းကလည်း အလေးထားရမယ့်ကိစ္စမို့ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ ဥပဒေတစ်ခုတည်း အားကိုးလို့လည်း မရပါဘူးရှင်။ ကျွန်မ အမေရိကန် နိုင်ငံရောက်တော့ ကျွန်မနဲ့အတူ (၁၂)နှစ်အရွယ် သမီးလေးပါသွားပါ တယ်။ သူတို့နိုင်ငံမှာ ကလေးတွေကို တစ်ယောက်တည်း ခရီးသွားတာ တောင် အန္တရာယ်မရှိပါဘူး။ ရဲနဲ့ ပတ်ဝန်းကျင်ကလည်း ကလေးတွေ တွေ့ရင် ကူညီဆောင်ရွက်ပေးပါတယ်။ ကလေးတွေ မေးမြန်းသမျှ ပြန် ဖြေပေးရပါတယ်။ မိဘက အကြမ်းဖက်ခဲ့ရင်တောင် အစိုးရက မိဘနဲ့ ခွဲထားပြီး စောင့်ရှောက်ပေးပါတယ်။ အိမ်မှာရော ကျောင်းမှာပါ ကလေးတွေကို မိမိကို အကြမ်းဖက်ခံရရင် ဘယ်လိုတုံ့ပြန်ရမလဲ၊ ကာကွယ်နည်းရော အကူအညီတောင်းနည်းတွေပါပညာပေးအနေနဲ့ သင်ကြားပေးတယ်လို့ ကြားခဲ့ရပါတယ်။ သက်ငယ်မုဒိမ်းကျူးလွန်သူတွေကိုတော့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးသင့်ပါတယ်။ ကလေးတွေဆိုတာ နိုင်ငံရဲ့ အနာဂတ်ပါ။ ကလေးတွေကို ဖျက်ဆီးတဲ့သူသည် နိုင်ငံရဲ့အနာဂတ်ကို ဖျက်ဆီးလိုက်တာနဲ့ အတူတူဖြစ်ပါတယ်။ ကလေးတွေအတွက် စိတ်ဒဏ်ရာများစွာသေသည်အထိ ပါသွားနိုင်ပါတယ်။ ကျူးလွန်တဲ့သူလည်းပဲ သေသည်အထိ စိတ်ဒဏ်ခတ်ပေးခြင်းဖြင့် မျှတမှုရှိမယ်လို့ ထင်ပါတယ်။ ပညာပေး အနေနဲ့က ထင်သာမြင်သာတဲ့ ပြည်သူတွေ သွားလာတဲ့နေရာမှာ ပြစ်ဒဏ်များရေးသားဖော်ပြထားပေးတာတို့၊ စာသင်ကျောင်းနှင့် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း မိဘနဲ့ကလေးများကို ပညာပေးဟောပြောပွဲများလုပ်ဆောင်ပေးတာတို့၊ အစိုးရအနေနဲ့ကလည်း ဒီကိစ္စကို နိုင်ငံတော်ရဲ့အရေးကြီးတဲ့အဆင့်လို့ သတ်မှတ်ပြီး ထိရောက်စွာ အရေးယူနိုင်အောင် ဖိအားပေးသင့်ပါတယ်။  သက်ငယ်မုဒိမ်းမှုသည် နိုင်ငံအတွက် အရုပ်ဆိုး အကျည်းတန်စေသောကြောင့် လျစ်လျူမရှုထားသင့်ပါကြောင်း တင်ပြအပ်ပါတယ်။ လွှတ်တော်မှာလည်းပဲ ခိုင်မာတဲ့ ဥပဒေတစ်ရပ် ပေါ်ပေါက်လာအောင် လုပ်ဆောင်မယ်လို့ ကြားထားပါတယ်။ လုပ်ဆောင်သွားမှာပါ။

ဒေါ်ခင်စောဝေ

(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ကလေးသူငယ်တွေကို အဲဒီလိုမျိုးလုပ်တာကိုတော့ ကျွန်မတို့ မခံ စားနိုင်ဖြစ်ရတယ်။ ပြီးခဲ့တဲ့ ငါးနှစ်မှာလည်း သက်ငယ်မုဒိမ်းမှုရော အခြား အမျိုးသမီးတွေကို မုဒိမ်းမှုလုပ်တယ်ဆိုရင် ထိရောက်တဲ့ပြစ်ဒဏ်ပေးဖို့ သင်္ဃန်းကျွန်းမဲဆန္ဒနယ်က ဦးသိန်းညွန့်က ဥပဒေတွေကိုပြင်ဖို့ ကြိုးစားခဲ့ ပါတယ်။ ဒါပေမဲ့ အဲဒီမှာ မဲခွဲဆုံးဖြတ်တဲ့အခါ ကန့်ကွက်မဲများတဲ့အတွက် သူ့အဆိုလည်း မအောင်မြင်ခဲ့ပါဘူး။ သူအဲဒီလို အဆိုတင်တိုင်း အန်တီ့ အနေနဲ့ ထောက်ခံဆွေးနွေးခဲ့တာရှိပါတယ်။ သက်ငယ်မုဒိမ်းမှု ပေါ်ထွန်း လာတာကို လုံးဝလက်မခံနိုင်ဘူး။ ပြစ်ဒဏ်ပေးမှုတွေက အင်မတန်မှ နည်းနေတာကို တွေ့ရတယ်။ ဘယ်လိုပြစ်ဒဏ်မျိုးနဲ့မှ သင့်တော်မလဲဆိုတာကိုအားလုံးတိုင်ပင်ဆွေးနွေးပြီးမှ ဥပဒေတစ်ခုပြုဖို့ လိုအပ်နေပြီလို့ ပြောချင်ပါတယ်။ နောက်တစ်ခါ မိဘတွေကလည်း ကိုယ့်ရဲ့ သားသမီးကို လက်လွတ်စပယ်မထားခဲ့သင့်ပါဘူး။ ကလေးက ငယ်ပေမယ့်လည်း အခုက (၂)နှစ်ကလေးတောင် မရှောင်တဲ့ ဒီလိုအကောင်တွေ ပေါ်နေတယ်ဆိုတာ အခုဆိုရင် မီဒီယာတွေမှာ တစ်စတစ်စ ဖော်ပြလာတယ်။ အခုခေတ်က မီဒီယာခေတ်ဖြစ်တယ်။ ဒီလိုခေတ်မို့လို့သာ အန်တီတို့ သိရတာ။ အရင်တုန်းက ဒီလိုပွင့်လင်းမြင်သာတဲ့ ခေတ်မရှိတုန်းကများ ဘယ်လောက်တောင်များ အလူးအလဲခံခဲ့ကြရပြီလဲ။ တချို့ဆိုရင်လည်း ကိုယ့်သား သမီးအပေါ်မှာ ဒီလိုဖြစ်ရင် ရှက်ပြီး မပြောတာတွေလည်း ရှိပါတယ်။ ဒီပြဿနာကတော့ ပြင်းထန်တဲ့ အပြစ်ဒဏ်မရှိသမျှကာလပတ်လုံး ဒီအမှုတွေက ပေါ်နေမှာပဲ။ အဲဒီအတွက်ကြောင့် ဒီလိုမုဒိမ်းကျင့်တယ်ဆိုရင် ကျူးလွန်တဲ့သူကို ပြစ်ဒဏ်ပြင်းပြင်းထန်ထန်ပေးရလိမ့်မယ်။

ဒေါ်ညိုညိုသင်း

(လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

သက်ငယ်မုဒိမ်းမှုတွေကို နည်းလမ်းတစ်ခုတည်းနဲ့တော့ ဖြေရှင်းလို့ ရမှာမဟုတ်ဘူး။ ဖြစ်ပွားရခြင်း အကြောင်းအရင်းတွေ အများကြီးရှိတာကိုး။ အဲဒါကြောင့် ဘက်ပေါင်းစုံက လုပ်ရမယ်။ အရေးကြီးတာက တော့ ကျူးလွန်တဲ့ ရာဇဝတ်သားတွေကို တကယ့်ကို ထိုက်သင့်တဲ့ ပြစ်ဒဏ်၊ မှတ်လောက်သားလောက်အောင် ပြစ်ဒဏ်ပေးမှဖြစ်မယ်။ ပြစ်ဒဏ်ကို ပြင်းပြင်းထန်ထန်ပေးသင့်တယ်။ နောက်ပြီးတော့ သက် ငယ်မုဒိမ်းတွေအတွက်   အထူးဥပဒေတစ်ရပ်ကို   လွှတ်တော်က အမြန်ဆုံးရေးဆွဲသင့်တယ်။ ဆိုးဆိုးရွားရွားပြစ်မှုတွေကို ကျူးလွန်တဲ့ သူတွေကို မြန်မြန်ဆန်ဆန် ထိရောက်တဲ့ ပြစ်ဒဏ်တွေပေးဖို့ဆိုရင် အထူးဥပဒေတွေ၊ အထူးစီမံချက်တွေကို အစိုးရရယ်၊ လွှတ်တော်ရယ်က စီမံသင့်တယ်။ အချိန်တိုတို အတွင်းမှာ ထိထိရောက်ရောက် ပြစ်ဒဏ်ပေးနိုင်မှသာလျှင် ဒီလိုအမှုအခင်းတွေ ကျဆင်းသွားမှာ။ တရားဥပဒေစိုးမိုးမှုကိစ္စတွေအပေါ်မှာ အထူးသဖြင့် ရဲတပ်ဖွဲ့ဝင်တွေရော၊ အုပ်ချုပ်ရေးအာဏာပိုင်တွေရော ပညာပေးသင့်တယ်။ နောက်တစ်ခါ ကလေးမိဘတွေက ကိုယ့်ရဲ့အရွယ်မရောက်သေးတဲ့ ကလေးတွေကို သေသေချာချာ ဂရုစိုက်ဖို့လိုအပ်တယ်။ ကျူးလွန်တဲ့လူတွေကို ပြန်ကြည့်လိုက်ရင် ကလေးပတ်ဝန်းကျင်က လူတွေပဲ ဖြစ်နေ တတ်တယ်။ အဲဒါကြောင့်မို့လို့ မိမိရဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ မိဘတွေက ပစ်မထားကြဖို့ တိုက်တွန်းချင်ပါတယ်။

ကိုသက်ဆွေဝင်း

ကလေးသူငယ်မုဒိမ်းဆိုတာကတော့ လူ့အသိုင်းအဝိုင်းမှာ အတော့် ကို ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ ကိစ္စပါ။ ဒီကိစ္စတွေကို ထိန်းချုပ်ဖို့တော့ တရားဥပဒေစိုးမိုးမှုက အရင်စပြုပြင်ရမှာပဲ။ ပြီးတော့မှ တိုင်းပြည်ရဲ့ ဆင်းရဲချမ်းသာ လူတန်းစားအခြေအနေ၊ ပညာရေးအခြေအနေတွေကို တိုး တက်ပြီးတော့ ဒီလိုဖြစ်စဉ်တွေ လျော့နည်းသွားအောင် ဆောင်ရွက်နိုင် မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီလိုအသက်ငယ်ရွယ်တဲ့ ကလေးတွေ အပေါ် လိင်စိတ်ဖြစ်ပေါ်တာကို စိတ်ရောဂါလို့ သတ်မှတ်ကြတဲ့အပြင် ကမ္ဘာ့နိုင်ငံကြီးတွေမှာလည်း ဒီလိုကိစ္စတွေက ရှောင်လွဲလို့မရဘဲ ရှိနေကြ တယ်။ ပြစ်ဒဏ်အနေနဲ့ကတော့ သင်းကွပ်တာမျိုးတွေ၊ တစ်သက်တစ် ကျွန်းချတာတွေအထိ ပြင်းပြင်းထန်ထန်ဖြစ်သင့်တယ်။ သေဒဏ်အထိကတော့ အားမပေးပါဘူး။ သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး လူထုကို ပညာပေးတာတွေ၊ ဥပဒေစိုးမိုးမှုတွေကို အင်တိုက်အားတိုက်လုပ်သင့်တယ်။

ကိုကျော်သူ

(ဟိုတယ်ဝန်ထမ်း)

ကလေးငယ်တွေအပေါ် မတရားကျူးလွန်တဲ့ သတင်းတွေကြားရ တာတော့ အင်မတန်မှကို စိတ်မကောင်းဖြစ်မိတယ်။ ဟိုအရင်ကလည်း ကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ကြားရတာ ပိုများလာတယ်။ ညစ်ညမ်း ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ညစ်ညမ်းစာပေတွေကို ကြည့်မိရာ၊ ဖတ်မိရာကနေ တလွဲအတွေးတွေ ဝင်လာပြီး ကျူးလွန်မိကြတာလည်း ပါမယ်လို့တော့ ယူဆမိတယ်။ အဲဒီလို ပြစ်မှုကျူးလွန်တဲ့သူတွေကိုလည်း သေဒဏ်လောက်အထိ ပေးစေချင်တယ်။ ဒီလိုဖြစ်စဉ်တွေက ကလေး ငယ်ရှိတဲ့ မိဘတွေကို စိုးရိမ်မှုတွေဖြစ်စေတဲ့အပြင် မြန်မာ့လူနေမှုပုံစံတွေကို ထိခိုက်လာစေတယ်လို့လည်းမြင်တယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အရင်ထက် ပိုမိုပြီးတော့ အသိပညာပေးတာတွေ လုပ်ဆောင်သင့်တယ်။ ဒီလိုလုပ်တဲ့အခါမှာလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ဖို့လည်း လိုတာပေါ့။ အဓိကလိုအပ်မှုကတော့ လူတွေအားလုံးက သားသမီးချင်း၊ မောင်နှမချင်း ကိုယ်ချင်းစာစိတ်မွေးရမယ်။ လူရယ်လို့ဖြစ်လာရင် လူစိတ်မွေး ရမယ်ပေါ့ဗျာ။

မစ္စတာတိုရှီကာဇာမ

(ဓာတ်ပုံဆရာနှင့်သေဒဏ်ပေးပြစ်ဒဏ် ပပျောက်ရေးဆောင်ရွက်သူ)

သက်ငယ်မုဒိမ်းဆိုတာ အလွန်ဆိုးရွားတဲ့ ပြစ်မှုတစ်ခုလို့ မြင်ပါ တယ်။ လူ့အသိုင်းအဝိုင်းမှာ ဒီလိုလူမျိုးတွေရှိနေတာ တကယ်မကောင်း လှပါဘူး။ သူတို့အတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်နဲ့ ထိုက်တန်ပါတယ်။ ဒါ တင်မကသေးပါဘူး။ မိမိပတ်ဝန်းကျင်မှာ တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံမှု ရှိဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော့်အထင်ကတော့ သက်ငယ်မုဒိမ်း တွေကို သေဒဏ်ပေးတာ အဖြေတစ်ခုမဟုတ်ပါဘူး။ သေဒဏ်အပြစ် ပေးနေတဲ့ နိုင်ငံတွေမှာတောင် ဒီလိုအမှုတွေ လျော့ကျသွားတာမဟုတ် လို့ပါပဲ။ အခု ပြစ်မှုကျူးလွန်နေတဲ့လူတွေကို ကြည့်ပါ။ ပြစ်မှုကျူးလွန် လို့ သူတို့အပြစ်ခံရမယ်ဆိုတာ ကျိန်းသေသူတို့သိတယ်။ ဘယ်လောက် အတိုင်းအတာလဲ မသိပေမယ့် မိသွားခဲ့ရင် ကျိန်းသေအပြစ်ခံရမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ လုပ်နေဆဲပါပဲ။ တကယ်အရေးကြီးတာက တရားခံကို ဘယ်လောက်အပြစ်ပေးမယ်မဟုတ်ပါဘူး။ ဒီလိုဖြစ်ရပ်တွေကို ဘယ်လို လျှော့ချမလဲနဲ့ တရားခံကို အမြန်ဆုံးအပြစ်ပေးနိုင်ဖို့ပါ။

သဲသဲအောင်

(အထည်ဆိုင်ပိုင်ရှင်)

သက်ငယ်မုဒိမ်းမှုလို့ သိရတာနဲ့ ကလေးမိဘ ဘာလုပ်လဲ အရင်မေး လိုက် လက်လုပ်လက်စားဘဝတွေ များကြတယ်။ အခုတလော ကြားသိရ တဲ့ သက်ငယ်မုဒိမ်းမှုတွေကြောင့် သမီးမွေးထားတဲ့ မိဘတွေ၊ မိန်းကလေးမွေးထားရတဲ့ မိဘတွေ အခုနောက်ပိုင်း ထိတ်လန့်လာကြတယ်။ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့တွေ မြို့နယ်တိုင်းမှာရှိကြတယ်။ အဖွဲ့ဝင် တွေက နီးစပ်ရာ ကျေးရွာတွေကို ပညာပေးတွေ ဆင်းသင့်တယ်။ ပြစ်ဒဏ်လုပ်သူတွေကို သေဒဏ်ပေးသင့်ပါတယ်။ သက်ငယ်မုဒိမ်းမှုမှာ ကျူးလွန်သူ တရားခံကို အသက်ကြီးလို့၊ နေမကောင်းလို့ ဆေးအာမခံပေးအပြင် လွှတ်တဲ့အမှုတွေ မြင်ဖူးပါတယ်။ တချို့ကျတော့ ထောင်ကျပါတယ်။လွတ်ငြိမ်းခွင့်ထဲပါလာတယ်။ ကလေးမိသားစုကို ကြိမ်းမောင်းမှုတွေလုပ်တယ်။ သက်ငယ်မုဒိမ်းမှုကျူးလွန် သူတွေကို ထိထိရောက်ရောက်ဖြစ်အောင်၊ မှတ်လောက်သားလောက်ဖြစ်အောင် သူတို့တန်ဆာကို သင်းကွပ်(ဖြတ်)ဖို့ လုပ်သင့်ပါတယ်။ မိန်းကလေး ကလေးငယ်အတွက် သက်ငယ်မုဒိမ်းမှုမှာ ကလေးငယ် အသက်သေဆုံးမှုရှိနိုင်ပါတယ်။ ဝေဒနာကို အရွယ်နဲ့မမျှခံစားရပါတယ်။ ဘဝမှာ အမည်းစက်ကျန်ခဲ့ကြပါတယ်။ စိတ်ဒဏ်ရာလည်းရသွားပါတယ်။ ကလေးငယ်တွေရဲ့ တစ်ဘဝလုံး ဖျက်ဆီးပစ်သူ တရားခံကို တစ်ဘဝလုံးပြန်ဖျက်ဆီးပေးပါ။ အရွယ်ရောက် မိန်းကလေးများအားလုံး (၈)နှစ်မှစလို့ ကိုယ်ခံပညာတွေကျောင်းတွေမှာ သင်ကြားပို့ချပေးသင့်ပါတယ်။ ပညာပေးတွေ မျှဝေပေးသင့်ပါတယ်။

7 DAY

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို အပြစ်ပေးရေးနှင့် ပြည်သူ့အသံ

No comments:

Post a Comment