မန္တလေး၊ နိုဝင်ဘာ ၈
အဂတိလိုက်စားသည်ဟ ဆိုကာ တရားစွဲဆို ခံထားရသည့် ပြင်ဦးလွင်မြို့နယ်မှ အုပ်ချုပ်ရေးမှူးနှင့် ဒုတိယဦးစီးမှူးတို့ကို တိုင်းဒေသကြီးတရားရုံး၌ ယနေ့ (နိုဝင်ဘာ ၈ ရက်) နံနက်ပိုင်းက စတင် ရုံးထုတ်ခဲ့သည်။
တရားလိုဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်ကို လာမည့် နိုဝင်ဘာ ၁၇ ရက်တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း တရားသူကြီးက ပြန်လည်ချိန်းဆိုခဲ့သည်။
ကျေးရွာဒေသခံများနှင့် စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေကြေးအပါအဝင် တံစိုးလက်ဆောင်များ ရယူထားသည်ဟုဆိုကာ ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးတင်နိုင်စိုး၊ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် အကြီးတန်းစာရေး ဦးအောင်စိုးမိုးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တိုင်တန်းခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်က ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့သည်။
ဦးတင်နိုင်စိုးနှင့် ဦးကျော်ကျော်နိုင်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် လည်းကောင်း၊ ဦးအောင်စိုးမိုးအား အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ အသီးသီး အမှုဖွင့် အရေးယူထားသည်။
ဓာတ်ပုံ - မောင်သန့်
No comments:
Post a Comment