Monday, November 7, 2016

လမ်းဘေး ပျံကျဈေးသည်များအတွက် ရည်ရွယ်လုပ်ဆောင်သည့် နှစ်ထပ်ဈေးရုံများတွင် ၀င်ရောက် ရောင်းချ ၀ယ်ယူခြင်းမရှိဘဲ ပိုက်ဆံသာ ကုန်သွားကြောင်း ရန်ကုန်မြို့တော်ဝန် ပြောကြား

လမ်းဘေးပျံကျဈေးသည်များအတွက် ရည်ရွယ်လုပ်ဆောင်သည့် နှစ်ထပ်ဈေးရုံများတွင် မည်သူကမျှ ၀င်ရောက်ရောင်းချခြင်းမရှိသလို မည်သူမျှလည်း အထဲကိုမ၀င်ကြောင်းနှင့် ရလဒ်အနေဖြင့် ပိုက်ဆံသာ ကုန်သွားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

 

ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာတင်သွင်းခဲ့သော “ရန်ကုန်မြို့တွင်း အများပြည်သူပိုင်လမ်းများပေါ်တွင် ဈေးရောင်း၍  အသက်မွေးနေသော ဈေးသည်များအား မြို့ပြအင်္ဂါရပ်နှင့်အညီ စနစ်တကျ ဈေးရောင်းချနိုင်ရန် ကောင်းမွန်သော အစီအမံများ စီမံပေးရန် တိုက်တွန်းကြောင်း” အဆိုကို ဆွေးနွေးမှုအပြီးတွင် ရန်ကုန်မြို့တော်ဝန်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

“ပြည်သူပိုင်လမ်းတွေပေါ်မှာ ဈေးရောင်းပြီး အသက်မွေးတဲ့အခါ နှစ်ထပ်ဈေးတွေ တည်ဆောက်ပြီး လုပ်တဲ့အခါ ဘယ်သူမှလည်း အထဲကို ၀င်မရောင်းဘူး။ ဘယ်သူမှလည်း အထဲကို ၀င်မ၀ယ်ဘူး။ ဒါကို ဖြစ်နိုင်ခြေ လေ့လာမှုဆွဲခဲ့လား မဆွဲခဲ့လားတော့မသိဘူး။ သို့သော်လည်း ရလဒ်က ပိုက်ဆံကုန်ပြီး ဈေးကတော့ ဟောင်းလောင်းကြီး ဖြစ်နေတယ်။ ဒါတွေကိုလည်း ပြန်ပြီးတော့ ပြုပြင်ရပါမယ်”  ဟု ရန်ကုန်မြို့တော်ဝန်က ဆိုသည်။

 

ရန်ကုန်မြို့တွင်းရှိ လူစည်ကားသော ဈေးများအနီးပတ်ဝန်းကျင်တွင် ရောင်းချသော လမ်းဘေးပျံကျဈေးသည်များအား လျှော့ချနိုင်ရန် ရည်ရွယ်၍ အဆိုပါဈေးများအတွင်း နှစ်ထပ်ဈေးရုံများ တည်ဆောက်၍ ထည့်သွင်းနေရာ ချထားပေးရန် ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဈေးကြီး ၁၀ ခုတွင် ယင်းသို့ နှစ်ထပ်ဈေးရုံများ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါနှစ်ထပ်ဈေးရုံများကို  ဒဂုံအရှေ့မြို့နယ်ရှိ အမှတ် (၂ )ဈေး၊ အလုံမြို့နယ်ရှိ အလုံဈေး၊  ကြည့်မြင်တိုင်မြို့နယ်ရှိ လေဟာပြင်ဈေး၊ သာကေတမြို့နယ်ရှိ အမှတ် (၁) ဈေး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ခနောင်တိုဈေး၊ လှိုင်သာယာမြို့နယ် (၂၀) ရပ်ကွက်ဈေး၊ အင်းစိန်မြို့နယ် ဖော့ကန်ဈေး၊ လှိုင်မြို့နယ် လှိုင်ဈေးကြီး၊ မရမ်းကုန်းမြို့နယ် မြဂန္ဓမာဈေးနှင့် မင်္ဂလာဒုံမြို့နယ် ရတနာသီရိဈေးတို့တွင် အသီးသီး ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါဈေးများတွင် လမ်းဘေးပျံကျ ဈေးသည်တစ်ဦးလျှင် ငါးပေပတ်လည် အကျယ်အ၀န်း၌ ရောင်းချခွင့်ပြုမည်ဖြစ်ပြီး ဈေးကောက်ခွန် ကျပ် ၅၀ ကောက်ခံမည်ဖြစ်ကြောင်း၊ ဦးရာလူစနစ်ဖြင့် ပျံကျဈေးသည်များကို ဈေးဖွင့်ချိန်မှ ဈေးပိတ်ချိန်အထိ ၀င်ရောက် ရောင်းချခွင့် ပြုထားကြောင်း သိရသည်။

 

တစ်ရွက်တစ်ဗန်း ရောင်းချသူများအတွက် ရည်ရွယ်၍ ယင်းသို့ ငါးပေပတ်လည် အကျယ်အ၀န်း၌သာ ရောင်းချခွင့်ပြုရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

“၀င်ရောင်းတာ လုံးဝမရောင်းရဘူး။ ဒါကြောင့် တစ်ရက်နှစ်ရက်ပဲ ရောင်းပြီး ဆက်မရောင်းတော့ဘူး။ လမ်းဘေးဈေးသည်ဆိုတာ လမ်းဘေးမှာပဲရောင်းမှ အဆင်ပြေမှာပါ။ လူတွေကလည်း လမ်းသွားရင်း လမ်းဘေးရောင်းတာပဲ ၀ယ်ချင်တာလေ” ဟု လမ်းဘေးဈေးသည်တစ်ဦးက ပြောကြားသည်။

Writer: 

ကျော်ထင်

ELEVEN

No comments:

Post a Comment